CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃

မော်ရိုကိုအသင်းနည်းပြ ရီဂရာဂီက ဒဏ်ရာကနေ ပြန်ကောင်းမွန်လာပြီဖြစ်တဲ့ PSG အသင်းကြယ်ပွင့် ဟာကီမီ ကို သူတို့ အလွန်ဂရုစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။ 

ရီဂရာဂီက “ဟာကီမီဟာ အာဖရိကရဲ့ အကောင်းဆုံးကစားသမားဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် ကျနော်တို့ သူ့ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သူ့ကိုစွန့်စားပြီး အသုံးပြုမှာမဟုတ်ဘဲ အလွန်ဂရုစိုက်နေပါတယ်။ အာဖရိကဖလားပြိုင်ပွဲအတွင်းမှာ သူပါဝင်နိုင်မယ်လို့ ကျနော်တို့ယုံကြည်ပြီး သူ့ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းမှာပါ”လို့ ပြောခဲ့ပါတယ်။ 

ဟာကီမီဟာ မော်ရိုကိုအသင်းက ကိုမိုရို့စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

ဟာကီမီ ရုပ်ပိုင်းဆိုင်ရာကုထုံးကို ခံယူနေစဉ်

ဟာကီမီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်က ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဒီယက်ဇ်ရဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာရပြီးကတည်းက ပွဲကစားနိုင်ခြင်းမရှိသေးတာပါ။ 

အဲဒါကြောင့် ကိုမိုရို့စ်အသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းကစားသမား မက်ဇရာအူရီက ညာနောက်ခံလူအဖြစ် ကစားသွားခဲ့ပါတယ်။ 

မော်ရိုကိုအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် မာလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြရီဂရာဂီက ဒီပွဲဟာ ကွဲပြားခြားနားတဲ့ ပွဲစဉ်ဖြစ်လာဖို့ရှိနေပြီး ၂ သင်းစလုံးအတွက် အလွန်ကောင်းမွန်တဲ့ စမ်းသပ်မှုလို့ ပြောခဲ့ပါတယ်။

မာလီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဇမ်ဘီယာအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့ပါတယ်။