CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၀

လီဗာပူးလ်အသင်းဟာ ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ကို ရာထူးကနေ ထုတ်ပယ်ဖို့အစီအစဉ်မရှိဘဲ လာမယ့်ရာသီအထိ ဆက်ထားဖို့ ဆန္ဒရှိနေပါတယ်။ 

၂၀၂၄ ခုနှစ်က ဂျာမန်လူမျိုးနည်းပြကလော့ပ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ အာနီဆလော့ဟာ လီဗာပူးလ်အသင်းနည်းပြဘ၀ ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။

လီဗာပူးလ်အသင်းဟာ FA ဖလားနဲ့ ကာရာဘောင်းဖလားတွေကနေ ထွက်ခွာထားရသလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ PSG အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ထားတာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိတဲ့အထိ ဆိုးရွားခဲ့ပြီး ဆီမီးဖိုင်နယ်တက်နိုင်ဖို့ ခက်ခဲသွားခဲ့တာပါ။ 

အာနီဆလော့ ကိုတွေရစဉ်

အဲ့ဒါကြောင့် နည်းပြအာနီဆလော့ဟာ ထုတ်ပယ်ခံရမယ့် ဖိအားတွေအများအပြားခံစားနေရတာ ဖြစ်ပါတယ်။

အာနီဆလော့ရဲ့နေရာမှာ အစားထိုးဝင်ရောက်မယ့် လီဗာပူးလ်အသင်းနည်းပြစာရင်းလည်း ထွက်ပေါ်လာခဲ့ပေမယ့် အသင်းပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group က ဒတ်ချ်လူမျိုးနည်းပြဟာ လာမယ့်ရာသီအစအထိ ဒီနေရာမှာ ဆက်ရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်ကြောင်း The Telegraph က ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဆလော့ရဲ့အနာဂတ်ကို မဆုံးဖြတ်မီ အပြောင်းအရွှေ့ကာလ ၄ ခုလိုအပ်တယ်လို့ အသင်းအကြီးအကဲတွေက ခံစားနေရတာပါ။ 

လီဗာပူးလ်အသင်းဟာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲမတိုင်မီ ပရီးမီးယားလိဂ်ပွဲအဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။