CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃

စီးရီးအေလက်ရှိချန်ပီယံနာပိုလီအသင်းဟာ ၂၀၂၅-၂၆ အီတလီစူပါဖလားဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အီတလီစူပါဖလားကို ၃ ကြိမ်မြောက်ရရှိခဲ့ပါတယ်။ 

ဒီပွဲမှာ နာပိုလီအသင်းအတွက် ၂ ဂိုးစလုံးကို နီရက်စ်က သွင်းယူခဲ့တာပါ။ 

အသက် ၂၈ နှစ်အရွယ်ရှိ နီရက်စ်ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ၁ ဂိုးသွင်းခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ နာပိုလီအသင်းအတွက် ၃ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နာပိုလီအသင်းဟာ အီတလီစူပါဖလားကို ၁၉၉၀ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ နောက်ဆုံးရယူနိုင်ခဲ့တဲ့အတွက် ဒီဆုဖလားကို နှစ်ပေါင်း ၁၀ နှစ်ကြာမှ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ 

နာပိုလီအသင်းတိုက်စစ်မှူးပိုလီတာနိုက “ကျနော်တို့ဟာ အီတလီချန်ပီယံအဖြစ်နဲ့ ဒီကိုရောက်လာတာဖြစ်ပြီး ဒီဆုဖလားကို ရယူချင်တဲ့အတွက် အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ပြသခဲ့ပါတယ်။ ကျနော်တို့ဟာ ဂိုးထပ်ပြီးသွင်းနိုင်ခဲ့သင့်ပေမယ့် နိုင်ပွဲကြောင့် ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ဒီဆုဖလားအတွက် အောင်ပွဲခံပြီးရင် အမှတ်ပေးဖလားအတွက် စဉ်းစားမယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

နာပိုလီအသင်းနဲ့ ဘိုလော့ဂ်နာအသင်းတို့ ယှဉ်ပြိုင်နေစဉ်

အီတလီစူပါဖလားပြိုင်ပွဲကို အရင်က စီးရီးအေချန်ပီယံနဲ့ အီတလီဖလားချန်ပီယံအသင်း ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲကနေ ၂၀၂၃ ခုနှစ်မှာ လိဂ်နဲ့ ဖလားပြိုင်ပွဲတွေရဲ့ ဒုတိယရတဲ့ အသင်းတွေကိုပါထပ်ထည့်ပြီး ကျင်းပခဲ့တာပါ။ 

အသင်း ၄ သင်းပါဝင်တဲ့ အီတလီစူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံမှာ ၂၀၂၉ ခုနှစ်အထိ ကျင်းပဖို့ စာချုပ်ချုပ်ထားပါတယ်။ 

 

 

 

 

 

 

 

 

ဒါပေမယ့် လာမယ့်နှစ်မှာ အီတလီစူပါဖလားပြိုင်ပွဲကို တစ်ပွဲတည်းကျင်းပနိုင်တယ်လို့ စီးရီးအေအကြီးအကဲက ပြောခဲ့ပါတယ်။

နည်းပြကွန်တီလက်ထက်မှာ စီးရီးအေနဲ့ အီတလီစူပါဖလားရယူနိုင်ခဲ့တဲ့ နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ အဆင့် ၃ နေရာရပ်တည်နေပြီး အဆင့် ၁ နေရာက အင်တာမီလန်အသင်းနဲ့ ၂ မှတ်ကွာဟနေတာပါ။ 

နာပိုလီအသင်းဟာ လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ခရီမိုနီဆီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။