CNI Sport Article 

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇

မက်ဆီနဲ့ အင်တာမိုင်ယာမီ အသင်းရဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကနေ အခုအချိန်ထိ အားကစား စာမျက်နှာတွေကို လွှမ်းမိုးထားတယ်ဆိုတာ အားလုံးလည်း သိရှိပြီး ဖြစ်မှာပါ။

မက်ဆီ ဂိုးသွင်းပြီ၊ အင်တာမိုင်ယာမီ အနိုင်ရပြီဆိုတဲ့ အကြောင်းအရာတွေကလည်း မက်ဆီ ရောက်လာပြီး နောက် ပိုင်း နှစ်ရက်ခြား တစ်ခါလောက် ကြားနေကြရတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီ အကြောင်းကို ပြောရမယ်ဆိုရင် ကမ္ဘာကျော် ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်းက ပူးတွဲ ပိုင်ရှင်အဖြစ် ပါဝင်ပြီး ၂၀၁၈ ခုနှစ်မှ အသင်းကို စပြီး တည်ထောင်ထားတာပါ။ 

အင်တာမိုင်ယာမီ အသင်း ဆုဖလားရရှိစဉ်

အခုမှ ၅ နှစ်သား အရွယ်သာရှိသေးတဲ့ အင်တာမိုင်ယာမီ အသင်းဟာ မက်ဆီ မရောက်လာခင်က အောင်မြင်မှုနဲ့ အတော်လေး အလှမ်းဝေးခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် ရာသီမှာဆိုရင်လည်း အင်တာမိုင်ယာမီ အသင်းဟာ ရလဒ် တွေ တော်တော်လေး ဆိုးနေခဲ့ပြီး အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

အဲ့ဒါကြောင့် ဒေးဗစ်ဘက်ခမ်းဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မက်ဆီကို ခေါ်ယူနိုင် ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီအချိန်တွေ အတွင်းမှာ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ရှိနေသလို ဆော်ဒီကလပ်တွေရဲ့ မက်လောက် စရာ ကမ်းလှမ်းမှုတွေလည်း ရှိနေခဲ့တာပါ။ ဒါပေမယ့် မက်ဆီဟာ ရလဒ်တွေဆိုးနေတဲ့ အင်တာမိုင်ယာမီအသင်းကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးအားကစားဆိုတာ အမေရိကန်မှာ ဘတ်စကတ်ဘော၊ NFL အားကစားနည်းတွေလောက် လူစိတ်ဝင်စား ခြင်း မခံရပေမယ့် မက်ဆီ ရောက်လာပြီးမှာ ဘောလုံးကို အာရုံစိုက်မှုတွေက များပြားလာခဲ့တာပါ။

မက်ဆီကို ဆုတွေနဲ့အတူ တွေ့ရစဉ်

မက်ဆီ ပါဝင်တဲ့ပွဲကို ကြည့်ဖို့အတွက် လက်မှတ်တွေဟာ ၁၀ မိနစ်အတွင်း ရောင်းချလို့ ကုန်သွားခဲ့သလို လက်မှတ်ခတွေဟာ ပုံမှန်ထက် များပြားနေပေမယ့် ပရိသတ်တွေဟာ ဝယ်ယူပြီး ကွင်းလုံးပြည့် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

မက်ဆီကလည်း ပရိသတ်တွေ လက်မှတ်ခ အများကြီးပေးပြီး ဝယ်ကြည့်ရတာနဲ့တန်အောင် ပွဲတိုင်းခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်ရင်း ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တာပါ။ 

အရင်ကဆို ပြိုင်ဘက်အသင်းတွေဟာ အင်တာမိုင်ယာမီအသင်းနဲ့ တွေ့ပြီဆိုရင် အနိုင်သေချာနေပြီလို့ ဆိုရမှာ ဖြစ်ပေမယ့် အခုကတော့ ပြောင်းပြန် ပြန်ပြီး ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ဦးဆောင်မှုနဲ့ အင်တာမိုင်ယာမီ အသင်းသားတွေဟာ ရှုံးနိမ့်နေတာတောင် ရလဒ်ကောင်း ပြန်ပြီးရယူ နိုင်မယ်ဆိုတဲ့ ခံစားချက်တွေ ရှိနေတာကို မြင်တွေ့ခဲ့ရတာပါ။ 

မက်ဆီကို ဂုဏ်ပြုနေကြစဉ်

နောက်ဆုံးကစားခဲ့တဲ့ စင်စင်နာတီနဲ့ ပွဲမှာ အင်တာမိုင်ယာမီ အသင်းဟာ မိနစ် ၉၀ အထိ အရေးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ အရေးပါတဲ့ ချေပဂိုးသွင်းပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီကတော့ အင်တာမိုင်ယာမီ အသင်းအတွက် ဂိုးမသွင်းနိုင်ရင်တောင် ဂိုးဖန်တီးမှု ပြုလုပ်ပြီး အသင်းကို အကောင်းဆုံး ဆွဲတင်ပေးနေတာပါ။ 

အင်တာမိုင်ယာမီ အသင်းဟာ အခုဆိုရင် လိဂ်ဖလားကို ရယူပြီးဖြစ်သလို နောက်ထပ် ဆုဖလားဖြစ်တဲ့ US Open ဖလားပြိုင်ပွဲမှာလည်း ဆုဖလားကိုရယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ 

မက်ဆီအနေနဲ့ ဖလားပြိုင်ပွဲတွေမှာ အင်တာမိုင်ယာမီအသင်းကို အောင်မြင်မှုတွေရအောင် လုပ်ဆောင်ပေးခဲ့ပေ မယ့် သူ့အတွက် အဓိက စမ်းသပ်ခံရမယ့် အရာကတော့ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးနေတာကို အဆုံးသတ်ပြီး အမှတ်ပေးဇယား အောက်ဆုံးကနေ အပေါ်ရောက်အောင် လုပ်ဆောင်ပေးရတော့မှာပါ။ 

မေဂျာလိဂ်ပြိုင်ပွဲမှာ တန်းဆင်း၊ တန်းတက် မရှိတာကြောင့်သာ အင်တာမိုင်ယာမီ အသင်းဟာ တန်းဆင်းဇုန်ကနေ လွတ်အောင် ရုန်းကန်စရာမလိုပေမယ့် အဆင့် ၉ နေရာအထိ ရောက်ရှိမှသာ မေဂျာလိဂ်ဖလားပြိုင်ပွဲ ယှဉ်ပြိုင် ခွင့်ရမယ့် အခွင့်အရေးရမှာ ဖြစ်ပါတယ်။ 

အဆင့် ၉ နေရာက အသင်းနဲ့ ရမှတ်ကွာဟမှုကလည်း ၁၄ မှတ်အထိ ရှိနေတာကြောင့် မက်ဆီအနေနဲ့ အင်တာမိုင် ယာမီ အသင်းကို နောက်ထပ်တစ်ကြိမ် မမျှော်လင့်ထားတဲ့ အရာတွေဖြစ်အောင် လုပ်နိုင်မလားဆိုတာ စောင့် ကြည့်ရမှာပါ။ 

အမေရိကန်မှာ ကစားသမားဘဝ အဆုံးသတ်ချိန်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ မက်ဆီဟာ အင်တာမိုင်ယာ မီ အသင်းအတွက် ၈ ပွဲ ပါဝင်ကစားအပြီးမှာ ၁၀ ဂိုး သွင်းယူထားကာ ၃ ဂိုး ဖန်တီးထားပြီး လိဂ်ဖလားချန်ပီယံဆု ကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။