CNI International Article

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇

ထိုင်းနိုင်ငံရေး အခြေအနေကို လေ့လာသုံးသပ်ရသည်မှာလည်း အပိုင်းတွဲများစွာ ပါဝင်သည့် Netflix ရုပ်ရှင် ဇာတ်လမ်းတွဲ တစ်ခုကို ကြည့်နေရသလိုပင် ဖြစ်နေသည်။

မျှော်လင့်ချက် အမှားများ၊ ခြေလှမ်းအမှားများဖြင့် စတင်ခဲ့သည့် မရေမရာ ကာလကို လနှင့်ချီ ဖြတ်သန်းခဲ့ပြီး နောက် သြဂုတ် ၂၂ ရက်တွင် ဝန်ကြီးချုပ်အသစ်တစ်ဦး ပေါ်ထွက်လာခဲ့သည်။ 

ဝန်ကြီးချုပ်သစ်တစ်ဦး ရွေးကောက်ခံရမှုနှင့်အတူ ထိုဝန်ကြီးချုပ် ဦးဆောင်မည့် အစိုးရအဖွဲ့အတွင်း ယခင်က ရန်ဘက်ဖြစ်ခဲ့ဖူးသည့် ပါတီများလည်း ပါဝင်လာခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် နေရာအများဆုံး အနိုင်ရရှိခဲ့သည့် Move Forward(MFP) ပါတီ  သည် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပါဝင်ခြင်း မရှိခဲ့သဖြင့်  မဲဆန္ဒရှင်များအနေဖြင့် သစ္စာဖောက်ခံရသည်ဟု ခံစား ရမည်ဖြစ်သော်လည်း အခြေအနေအရ ခွင့်လွှတ်ရဖွယ် ရှိနေသည်။

ထိုင်းနိုင်ငံ၏ အစဉ်အလာအတိုင်း အစိုးရအဖွဲ့အပေါ် မကျေနပ်ချက်များသည် မကြာမီ အချိန်အတွင်း ကွယ် ပျောက် သွားလိမ့်မည်ဆိုသည့် ထင်ကြေးပေးမှုများကိုမူ နိုင်ငံရေးလေ့လာ စောင့်ကြည်သူများက ငြင်းပယ်နေဆဲ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်က လွှတ်တော်တွင် ဖြူးထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်း ဆရီသာ သာဗင်စင် (Srettha Thavisin) ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မှုအပြီး၌ ထိုင်း၏ လူမှုကွန်ရက်ပေါ်မှာ "ငါတို့ ဝန်ကြီးချုပ် မဟုတ်" ဟု အဓိပ္ပာယ်ရသည့် #NotMyPm ဆိုသည့် စာသားများနှင့် ပို့စ်များ ပျံ့နှံ့လာခဲ့သည်။

ဘန်ကောက်မြို့တော်ရှိ ဖြူးထိုင်းပါတီ ဌာနချုပ် အပြင်ဘက်တွင်လည်း ဆန္ဒပြသူများက ၁၁ ပါတီ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေသော ဖြူးထိုင်းပါတီအား ဆန့်ကျင်ဆန္ဒပြခဲ့ပြီး လှောင်ပြောင်သရော် ခဲ့ကြသည်။

ဖြူးထိုင်းပါတီရဲ့ ၀န်ကြီးချုပ် ဆရီသာ သာဗင်စင်ကို တွေ့ရစဉ်

ထို့ပြင် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် ၂၀၀၈ ခုနှစ်တွင် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)သည် သြဂုတ် ၂၂ ရက်က ထိုင်းသို့ ပြန်လည် ရောက်ရှိလာမှုနှင့် ပတ်သက်ပြီးလည်း လူမှုကွန်ရက်ပေါ်တွင် အဆိုးမြင်သည့်ဘက်မှ ရေးသားထားသည့် ပို့စ်များ ထွက်ပေါ်ခဲ့သည်။

သက်ဆင်သည် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ထောင်ဒဏ် စတင်ကျခံသည့် ညမှာပင် သွေးတိုးရောဂါ၊ အိပ်မပျော်သည့် ရောဂါတို့ကို ခံစားခဲ့ရသဖြင့် အကျဉ်းထောင်မှ အစိုးရဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ 

ထိုဖြစ်စဉ်ကြောင့် သက်ဆင်သည် ဘုရင်၏ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိလိမ့်မည်ဟုလည်း ထင်ကြေးပေး မှုများ ထွက်ပေါ်ခဲ့သည်။

သြဂုတ် ၂၀ ရက်က ပြုလုပ်ခဲ့သည့် လူထုသဘောထား ကောက်ယူမှု စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ သုံးပုံနှစ်ပုံက စစ်တပ်နှင့် ဆက်နွှယ်သည့် ပါတီနှစ်ခု ပါဝင်နေသည့် ဖြူးထိုင်းပါတီ၏ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမှုကို စိတ်ပျက် ကြောင်း ဖော်ပြခဲ့သည်။

စစ်တပ်နှင့် ဆက်နွှယ်သည့် ပါတီများ ပါဝင်ပါက ဝန်ကြီးချုပ်ရာထူးကို ရယူမည် မဟုတ်ကြောင်း ပြောကြားခဲ့ ဖူးသည့် ဆရီသာသည် ယခုတွင်မူ ထိုင်းနိုင်ငံကို ပိုမိုကောင်းမွန်စွာ တည်ဆောက်ရန် လိုအပ်သည့် မဟာမိတ် များနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း သူ့ကတိစကားများကို နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် ကျွမ်းကျင်သူများက အပြည့်အဝ ယုံကြည်ခြင်း မရှိပေ။

"ကြိုတင်စီစဉ်မှုတွေနဲ့အတူ ထိုင်းကို သက်ဆင် ပြန်ရောက်လာချိန်မှာ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ပါတီတွေ ပါဝင် နေတဲ့ ဖြူးထိုင်းပါတီရဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမှုဟာ သက်ဆင်ရဲ့ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေနဲ့ ချမ်းသာသုခ ကို ဦးစားပေးလုပ်ဆောင်တဲ့ အခြေအနေကို ပြသရာ ရောက်နေပါတယ်"ဟု အမည်မဖော်လိုသော ဥရောပ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ 

ရေတိုအနေနှင့် သုံးသပ်ရမည်ဆိုပါက ထိုင်းရွေးကောက်ပွဲအတွင်း အကြီးမားဆုံး အရှုံးသမားသည် ထိုင်းပြည်သူ များဖြစ်သည်။ ထိုင်းပြည်သူများသည် စစ်တပ်နှင့် ဆက်နွှယ်သည့် ပါတီများကို အနိုင်ရရှိရန် Move Forward ပါတီကို ထောက်ခံမဲများ ပေးခဲ့ကြသည်။

 ထိုင်းပြည်တော်ပြန် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကိုတွေ့ရစဉ်

မဲဆန္ဒရှင်များ၏ ရည်ရွယ်ချက်အတိုင်း Move Forward ပါတီသည် ရွေးကောက်ပွဲတွင် နေရာအများဆုံးနှင့် အနိုင် ရရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရသည့် Move Forward ပါတီသည် ကွန်ဆာဗေးတစ် အင်အားစုနှင့် ထိပ်တိုက်တွေ့ခဲ့ပြီးနောက် အစိုးရဖွဲ့နိုင်ခြင်းမရှိဘဲ အတိုက်အခံအဖြစ်သာ ရပ်တည်ခဲ့ရသည်။

ရေရှည်အနေနှင့် သုံးသပ်ရမည်ဆိုပါက ထိုင်းရွေးကောက်ပွဲအတွင်း ရှုံးနိမ့်ခဲ့သူမှာ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖြစ်သည်။ အထူးသဖြင့် ဖြူးထိုင်းပါတီသည် နိုင်ငံရေးအရ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ဖြူးထိုင်းပါတီအဖြစ် မဖွဲ့စည်းမီ သက်ဆင်၏ Thai Seng Thai ပါတီသည် ၂၀၀၀ ပြည့်နှစ် ကာလများအတွင်း ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရခဲ့သည်။ သို့သော် ၂၀၀၄ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် စစ်တပ်၏ အာဏာသိမ်းမှု များကြောင့် သက်ဆင်၏ ပါတီများ ဖျက်သိမ်းခံခဲ့ရသည်။

ယခုတွင်မူ ဖြူးထိုင်းပါတီသည် ၎င်း၏ နောင်တော်ပါတီများကို ဖျက်သိမ်းပြီး အာဏာ ၂ ကြိမ် သိမ်းခဲ့သည့် စစ်တပ်နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ထို့ပြင် စစ်တပ်နှင့် ဆက်နွှယ်သည့် ပါတီများကို အစိုးရအဖွဲ့အတွင်း ရာထူး နေရာများကို ခွဲဝေပေးခဲ့သည်။

"အခုဆိုရင် ဖြူးထိုင်းပါတီဟာ သူ့ရဲ့ နိုင်ငံရေးထောင်ချောက်ထဲမှာ သူကိုယ်တိုင်ပြန်ပြီး ပိတ်မိနေပါပြီ" ဟု ထိုင်း၏ လူသိများထင်ရှားသည့် နိုင်ငံရေးလေ့လာသုံးသပ်သူ သီတီနန် ပွန်ဆူဒီရက် (Thitinan Pongsudhirak) က ပြော ကြားခဲ့သည်။

လက်ရှိ အနေအထားအရ အကြီးမားဆုံး အနိုင်ရသူသည် Move Forward ပါတီဖြစ်သည်။ ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်၏ နေရာ ၅၀၀ အနက် ၁၅၁ နေရာကို အနိုင်ရခဲ့သည့် Move Forward ပါတီသည် ထိုင်းနိုင်ငံ သမိုင်းတွင် အင်အားအကြီးဆုံး အတိုက်အခံအဖွဲ့ ဖြစ်လာခဲ့သည်။

ထိုင်းပြည်သူတွေနဲ့ ပီတာကိုတွေ့ရစဉ်

Move Forward ပါတီသည် ဘန်ကောက်မြို့တော်၏ လွှတ်တော်အမတ်နေရာ ၃၃ နေရာကို ရရှိခဲ့ပြီး သက်ဆင် မိသားစု လွှမ်းမိုးထားသည့် ထိုင်းနိုင်ငံမြောက်ပိုင်းမှ လွှတ်တော်အမတ် နေရာများကို အများအပြား ရရှိခဲ့သည်။

ထို့ကြောင့် ရေရှည်ကို သုံးသပ်ရမည်ဆိုလျှင် Move Forward ပါတီသည် ထိုင်းနိုင်ငံရေး လောကတွင် ၎င်း၏ အနေ အထားကို ခိုင်မာစွာ ထူထောင်နိုင်ခဲ့ပြီး အနာဂတ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ၏ သဘောသဘာဝကို အခြေခံကျကျ ပြောင်းလဲရန် ရည်ရွယ်ထားသည်။

ထိုင်းတွင် နောက်ထပ် ၅ နှစ်ကြာမှ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သည်။ လက်ရှိ အနေအထားတွင် Move Forward အနေဖြင့် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်မှန်သည့် အပြောင်းအလဲပြုလုပ်ရန် အချိန်ကာလတစ်ခုကို စောင့်ဆိုင်းရဦးမည် ဖြစ်သည်။
 
အချိန်ကာလ တစ်ခုတွင်မူ ထိုင်းပြည်သူများအတွက် အပြောင်းအလဲ တစ်ခုကို ရရှိလိမ့်မည်ဖြစ်ပြီး ထိုအပြောင်း အလဲသည်လည်း ဂုဏ်ယူစရာကောင်းသည့် ကောင်းမြတ်သော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်။

Source: Nikkei Asia