CNI Article

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀

ရေးသားသူ- Maha Sila Virawang   

ပြီးခဲ့သည့်အပတ်က ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်ကြသော တိုင်း-တရုတ် ဘာသာစကား ပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အထက်မြန်မာပြည်တွင် မြို့ပြနိုင်ငံ တည်ထောင်မှုများသည် ခရစ်တော်မပေါ်မီ ကာလကပင် စတင်နေခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိချက်များကို ဖော်ပြခဲ့ပါသည်။

ထိုကဲ့သို့ မြို့ပြနိုင်ငံငယ်များ ထူထောင်ကာ အခြေချ နေထိုင်လာခဲ့ခြင်းသည် ခရစ်တော် ပေါ်ထွန်းပြီးနောက်တွင် ပေါ်ပေါက်လာမည့် လက်နက် နိုင်ငံတော်ကြီးများအတွက် အခြေခံအင်အားစုကောင်းများ ဖြစ်လာခဲ့ပါသည်။

တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် အသွင်သဏ္ဍာန် အားဖြင့် တူညီသော မြို့ပြနိုင်ငံကြီးများနှင့် ပေါင်းစုထားသည့် ပြည်ထောင်စုစနစ်သည် လက်ရှိ ရှမ်းနီတိုင်းရင်းသား များ နေထိုင်သော အထက်မြန်မာပြည်ရှိ မြို့ပြနိုင်ငံကြီးများ၊ အထူးသဖြင့် မိုးကောင်းမြို့ပြနိုင်ငံကို အခြေခံလျက် ထွန်းကားလာခဲ့သည်။

ဤသည်ကို ခေတ်ပြိုင်သမိုင်း မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေး ဖော်ထုတ်ကာ တင်ပြသွားပါမည်။

ပထမဆုံး တင်ပြလိုသည်မှာ ရှမ်းနီတိုင်းရင်းသားများ၏ ဘိုးဘေးများဖြစ်သော တိုင်း-တရုတ် ဘာသာစကားပြော သည့် ရှမ်းမျိုးနွယ်စုများ တည်ထောင်သည့် မိုးကောင်းမြို့ပြနိုင်ငံအကြောင်း ဖြစ်ပါသည်။

ဤမှတ်တမ်းသည် ပါတောင်းဆရာတော်၏ ပုရပိုက်မှတ်တမ်းမှ ထုတ်နုတ် ရရှိသည်ဟု ဆိုပါသည်။

မိုးကောင်းမြို့ တည်နေရာကိုတွေ့ရစဉ်

ပုရပိုက်မှတ်တမ်းအရ “မိုးကောင်းမြို့ကို ကောဇာသက္ကရာဇ် ၈၄ ခု(အေဒီ ၇၂၂)တွင် နောင်တော်ကြီး စဝ်အိုက်က လည်းကောင်း၊ မိုးညှင်းမြို့ကို ကောဇာသက္ကရာဇ် ၈၅ ခု(အေဒီ ၇၂၃)တွင် ညီတော်အလတ် စဝ်ညီကလည်းကောင်း၊

အင်းတော်ကြီးအနီးရှိ မိုးပင်းမြို့ကို ကောဇာသက္ကရာဇ် ၈၆ ခု(၇၂၄)တွင် အငယ်ဆုံးညီတော် စဝ်ဆမ်ကလည်း ကောင်းအသီးသီး တည်‌ထောင်အုပ်စိုးကြောင်း ဖော်ပြထားပါသည်။

ဤညီနောင်(၃)ပါး၏ မျိုးရိုးကို လေ့လာရာတွင် မိုင်းမောစော်ဘွား၏ သားတော်(၃)ပါးဟု ပုရပိုက်တွင် ဖော်ပြထား ကြောင်း လေ့လာသိရှိရသည်။

ပုရပိုက်ပါ မှတ်တမ်းအရ ဆက်လက် သိရှိရသည်မှာ “မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် စဝ်ဆမ်လုံခူးမိန်းဘွဲ့ကို ခံယူကြောင်း၊ အင်းတော်ကြီးနယ်နှင့် ကျောက်စိမ်းတွင်း နယ်မြေများကို စုပေါင်းလျက် မိုးပင်းနယ်မြေ၊ ငွန်စင်းနယ် မြေ၊ စည်ခမ်းနယ်မြေ၊ မောက်တောင်း နယ်မြေဟူ၍ နယ်ပယ်(၄)ရပ် ဖွဲ့စည်းကာ အုပ်ချုပ်ကြောင်း၊ မိုးကောင်း တည်မင်း စဝ်အိုက် ကွယ်လွန်ရာတွင် မိုးပင်းမြို့တည်မင်း စဝ်ဆမ်သည် ဖာတင်စန့်တင်းမိန်းဘွဲ့ဖြင့် မိုးကောင်းမြို့ ပြကို အုပ်ချုပ်ကြောင်း”ဟူ၍ ဖြစ်ပါသည်။

ဤမှတ်တမ်းနှင့် ပတ်သက်၍ Carmaen Eva Marseille ပြုစုသည့် “Shan-Ni Grammar and Processes of Linguistic Change” ဟူသော မဟာဘွဲ့ယူကျမ်းတွင်လည်း ဆက်စပ်ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဒုတိယ တွေ့ရှိရသည့် မိုးကောင်း မြို့ပြနိုင်ငံ၏ သမိုင်းမှတ်တမ်းသည် နှုတ်ပြော သမိုင်းမျိုးဖြစ်၍ ဒဏ္ဍာရီ ဆန်နေပါသည်။

သို့သော် ထိုဒဏ္ဍာရီ ဆန်နေသည့် နှုတ်ပြောသမိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင် ပြည်နယ်အတွင်း နေထိုင်ကြသော ရှမ်းနီတိုင်းရင်းသားများသာမက အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ်တွင် နေထိုင်ကြသည့် ဖာကေရှမ်းမျိုးနွယ်စုနှင့် ခမ်းယန်းရှမ်းမျိုးနွယ်စုများကပါ ထပ်တူထပ်မျှ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ပြောကြားနေကြခြင်းမှာ ထူးခြားပါသည်။

မိုးညှင်းမြို့ အ၀င်ကိုတွေ့ရစဉ်

ထိုနှုတ်ပြော သမိုင်းကို ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင် ရေးသားသည့် “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”နှင့် ရှမ်းသမိုင်းပညာရှင် Pu Loi Hom နှင့် Pu Loi Tun တို့ ပူးတွဲရေးသားထားသည့် “THE FOUNDING OF MONG KAWNG” သမိုင်းသုတေသန ဆောင်းပါးတွင် ထည့်သွင်း၍ ဖော်ပြထားပါသည်။

ထို့နောက် အဆိုပါ နှုတ်ပြောသမိုင်းအရ မိုးကောင်းကို တည်ထောင်သူမှာ ဆေကော်ဖမင်းဖြစ်၍ ခမည်း တော် ကျားဖြူမင်းနှင့် မယ်တော် စဝ်နန်းလှ(ဝါ)စောလှတို့က ဖွားမြင်သည့် သားတော်ကြီး ဖြစ်ပါသည်။

သူသည် မိုးညှင်းတည်မင်း ဆေကျန်ဖ၊ မိုးမိတ်တည်မင်း ဆေငံဖ၊ ဝန်းသိုမင်း ဆေဟွမ်ဖ တို့နှင့် ညီတော် နောင်တော်အရင်း တော်စပ်သူဖြစ်သည်။  ၎င်းတို့ကို မြို့ပြနိုင်ငံ တည်ထောင်သည့် မင်းများ ဖြစ်လာစေရန် အဓိက ကူညီထောက်ပံ့သူမှာ မယ်တော် စဝ်နန်းလှ၏ ခမည်းတော်ဖြစ်သော ဘိုးတော်ဥတည်ဘွားမင်း ဖြစ်သည်။

ထို့အပြင် ခမည်းတော် ကျားဖြူမင်း၏ အကူအညီကိုလည်း ရယူခဲ့ရသည်ဟု နှုတ်ပြောသမိုင်းတွင် ဖော်ပြထားပါ သည်။ ဤတွင် ဗြိတိသျှအစိုးရ အရာရှိဖြစ်သူ J.George Scott မှတ်တမ်းတင်ရေးသားသည့်  “GAZETTEER OF UPPER BURMA AND THE SHAN STATE PART- I, VOL - I”၌ ဆေကော်ဖှမင်းသည် မိုးကောင်းကို သက္ကရာဇ် ၃၀၀ ခု(အေဒီ ၉၃၈)တွင် တည်ထောင်ကြောင်း ဖော်ပြထားပါသည်။

မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်၍ တတိယတွေ့ရရှိရသည့် မှတ်တမ်း(၃)စောင်ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ထိုမှတ်တမ်း(၃)စောင်မှာ ဇမ္ဗူ့ဒီပ ဦးဆောင်းကျမ်း၊ မိုးမိတ်ရာဇဝင်တော်သစ်ကျမ်းနှင့် အုန်း ဘောင်မင်းဆက် ရာဇဝင်တော်ကျမ်းတို့ ဖြစ်ပါသည်။

ဇမ္ဗူ့ဒီပဦးဆောင်းကျမ်းနှင့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းများအရ မိုးကောင်းမြို့သည် အေဒီ ၉၉၁ ခုတွင် တည်ရှိ နေပြီဖြစ်ပြီး “ကျိုင်းဟုံရွှေနန်းရှင်သည် သားတော်ဖြစ်သူ ဆေဟိုင်းဖကို မိုးကောင်းမြို့အား အုပ်ချုပ်ရန် ပေးအပ် သည်”ဟူ၍ ဖော်ပြထားပါသည်။

ခန္တီးစော်ဘွားကို သမိုင်းမှတ်တိုင်ကိုတွေ့ရစဉ်

အုန်းဘောင်မင်းဆက် ရာဇဝင်တွင်မူ “မိုင်းမောမြို့ပြနိုင်ငံ၏ မင်းဖြစ်သူ ခွန်လူး၏ သားတော်ဖြစ်သော ခွန်ခမ်း ထွန်းသည် မိုးကောင်းကို အုပ်ချုပ်ရကြောင်း” ဖော်ပြထားသည်ကို တွေ့ရပါသည်။

မိုးကောင်းမြို့ပြနိုင်ငံနှင့် ပတ်သက်သည့် သမိုင်းမှတ်တမ်းများကို သုံးသပ်ရလျှင် မိုးကောင်းကို အစောဆုံး တည် ထောင် အုပ်ချုပ်သည့်မင်းဖြစ်သူ စဝ်အိုက်သည် မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းဖြစ်သည်ကို တွေ့ရှိရ သည်။

ထို့ကြောင့် မိုင်းမောမြို့ပြ နိုင်ငံနှင့်ပတ်သက်၍ ရှမ်းသမိုင်းမှတ်တမ်းများကို လေ့လာကြည့်သည့်အခါ (၃)မြို့ရှိနေ ပြီး ပထမမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မိုးမိတ်နယ်အတွင်း တည်ရှိ၍ ကျိုင်းမော(Keng Mao)ဟု အမည်တွင် ပါသည်။

ထိုမြို့ပြနိုင်ငံကို မဟာသက္ကရာဇ် ၉၅ ခု(ဘီစီ ၅၉၄)တွင် မဟာဝုန့်အမည်ရသော ရှမ်းမင်းက တည်ထောင်ကြောင်း၊ အဆိုပါမြို့ပြနိုင်ငံသည် မောရှမ်းကိုးပြည်ထောင် စတင်ဖြစ်ထွန်းရာ ရှေးဟောင်းမြို့ကြီး ဖြစ်ကြောင်းကို မိုးမိတ် ရာဇဝင်တော်သစ်ကျမ်းတွင် ဖော်ပြထားသည်။

ထိုမြို့နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်ကွင်းဆင်း သုတေသနပြုခြင်း မရှိသေးသည့် အတွက် မြေပေါ်မြေအောက် အ‌ထောက်အထားရရှိရန် ခက်ခဲပြီး မြို့သက်တမ်းကို သတ်မှတ်ရန် အတိအကျ မဆိုနိုင်သေးပါ။

သို့သော် ရှမ်းသမိုင်း မှတ်တမ်းကျမ်း တစ်စောင်ဖြစ်သည့် မိုးမိတ်ရာဇဝင် တော်သစ်ကျမ်းတွင်မူ ဆရာတော် ဦးခေမိန္ဒက ပြည့်စုံစွာ ဖော်ထုတ် မှတ်တမ်းတင် ထားနိုင်သည်ကို တွေ့ရှိရသဖြင့် လည်းကောင်း၊ တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့၏ မြန်မာပြည်အတွင်း ဝင်ရောက် အခြေချနေထိုင်မှုသည် ဘီစီ ၈၀၀ လောက်က စတင်နေသည်ကို စစ်တမ်းများတွင် တွေ့ရှိရသဖြင့်လည်းကောင်း ကျိုင်းမောမြို့ပြနိုင်ငံသည် ဘီစီ ၅၉၄ ခုတွင် တည်ရှိနေပြီဟူသော မှတ်တမ်းမှာ ယေဘုယျအားဖြင့် ဖြစ်လောက်စရာရှိကြောင်း သုံးသပ်ရပါသည်။

ဒုတိယမြို့ပြသည် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာတွင် တည်ရှိပါသည်။

ရှမ်းနီ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရစဉ်

ဆရာတော်အရှင်သုခမိန္ဒ(တန့်ယန်း)၏ M.A ဘွဲ့ယူကျမ်းဖြစ်သည့် “ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှု နှင့် ဓ‌လေ့ထုံးစံများ” စာအုပ်တွင် ရွှေလီမြစ်ဝှမ်းရှိ မိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံ ငယ်ဖြစ်နေပြီး အေဒီ ၇၆၄ ခုတွင် နန်စောမင်းခိုလိုဖုန်း၏ သားမက်တော် ခွန်တောင်းခမ်းက အုပ်ချုပ်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မြေပြင် အထောက်အထားများကို လေ့လာရာတွင်လည်း ပြန်လည်ပြင်ဆင်ထားသည့် လက်ကျန်မြို့ရိုးနှင့် မြို့ တံခါး တစ်ပေါက်မှာ ယခုတိုင် ရှိနေသေးသည်ကို တွေ့ရပါသည်။

ဤမိုင်းမောမြို့ပြနိုင်ငံသည် နန်စော အင်ပါယာခေတ်တွင် ပေါ်ထွန်းလာသည့် မြို့ပြနိုင်ငံဖြစ်၍ ကျိုင်းမောမြို့ပြ နိုင်ငံထက် ကာလအားဖြင့် များစွာနောက်ကျသည်ဟု သုံးသပ်နိုင်ပါသည်။

သို့သော် ယခုခေတ် ရှမ်းတိုင်းရင်းသား အများစု၏ သမိုင်းကြောင်းများနှင့် အများအားဖြင့် ဆက်စပ်နေ သည့် မိုင်းမော ဆေမင်းဆက်တို့မှာ ဤမြို့ပြနိုင်ငံက ပေါ်ထွန်းလာခြင်းဖြစ်သည်ကို လေ့လာသိရှိရပါသည်။

တတိယမြို့ပြသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းမော- ဝိန်းကျွမ်မြို့ဟောင်း ဖြစ်သည်ကို တွေ့ရသည်။

မိုင်းမော-ဝိန်းကျွမ်း မြို့ဟောင်းမြေပုံကို လေ့လာကြည့်သည့်အခါ မြို့ဟောင်းရာသည် မြို့ပြနိုင်ငံ တည်ထောင် ရလောက်အောင် မကြီးမားဘဲ ခံတပ်မြို့ငယ်ပုံစံကိုသာ တွေ့ရသည်။

ထိုခံတပ်ငယ်နှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနဌာန၏ မြေပြင်တူးဖော် တွေ့ရှိချက်များ၊ မြေပေါ် မြေအောက် အထောက်အထားများ မရှိသေးဘဲနှင့် မိုင်းမောမြို့ဟောင်းဟု ယတိပြတ် သုံးသပ်နိုင်ရန်လည်း ခက်ခဲ ပါသည်။

အဆိုပါ ခံတပ်မြို့ငယ်၏ အမည်ကို လေ့လာရာတွင် ဒေသခံ ရှမ်းနီတိုင်းရင်းသားတို့၏ အခေါ်အရ မိုင်းမော-ဝိန်းကျွမ်ဟူသော ပူးတွဲအမည်ဖြစ်နေရာ အများသိသည့် မိုင်းမောကို ခေတ္တထား၍ ဝိန်းကျွမ်ဟူသည်ကို အနက်ဖော်ကြည့်ရာတွင် “ဝိန်းသည် ရှမ်းနီဘာသာ စကားအရ မြို့ငယ်ဖြစ်ပြီး ကျွမ်-စွမ်ဆိုသည်မှာ ရှမ်းနီ ဘာသာ စကားအရ နယ်ခြားမြေ၊ နယ်ခြားစခန်း” ဖြစ်သည်ကို တွေ့ရှိရသည်။

အများအားဖြင့် ကျွမ်-စွမ်ဆိုသည့် နယ်မြေများကို အုပ်ချုပ်သူသည် ထမုံအဆင့်ရှိသည့် စစ်ဘက်ဆိုင်ရာ အရာရှိ ဖြစ်သည်ကိုလည်း သိရှိရပေသည်။ သို့ဖြစ်၍ မိုင်းမော-ဝိန်းကျွမ်သည် မိုင်းမောမြို့ပြ နိုင်ငံ၏ နယ်ခြားစခန်း (ဝါ)နယ်ခြားခံတပ်မြို့ငယ်သာ ဖြစ်မည်ဟု သုံးသပ်ရပါသည်။

ဤမိုင်းမောမြို့(၃)မြို့ကို လေ့လာ၍ မိုးကောင်းတည်မင်း စဝ်အိုက်သည် မည်သည့် မိုင်းမောမြို့က လာ ရောက်သော မင်းရိုးဖြစ်သည်ကို ဆန်းစစ်ကြည်ရာတွင် ပထမအဖြစ်နိုင်ဆုံးမှာ မိုးမိတ်နယ်အတွင်း တည်ရှိသည့် ကျိုင်းမော(Keng Mao)မြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။

ဒုတိယအဖြစ်နိုင်ဆုံးမှာ  ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ် ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်ခြင်း ဖြစ်ပါသည်။

မိမိလေ့လာမှုအရ သုံးသပ်ရလျှင် ကျိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့်မင်းရိုးဟု ပြောနိုင်ဖို့ မိုးကောင်း မြို့ပြနိုင်ငံ ထူထောင်ချိန်နှင့် ကျိုင်းမောမြို့ပြနိုင်ငံ တည်ရှိချိန်သည် ခေတ်ကာလကွာဟလွန်းခြင်း၊ ကျိုင်းမောမြို့ သည် မိုးကောင်းမြို့ပြနိုင်ငံကို တည်ထောင်ချိန်အထိ ဆက်လက် တည်ရှိနေခြင်း ရှိ/မရှိကို မသိနိုင်ခြင်းတို့ကြောင့် မိုးကောင်းမြို့တည်မင်း စဝ်အိုက်ကို ကျိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည်ဟု ဆိုနိုင်ရန် ခက်ခဲပါသည်။

ဒုတိယ အဖြစ်နိုင်ဆုံးဖြစ်သည့် ရွှေလီမြစ်ဝှမ်းဒေသ၊ မူဆယ်-နမ့်ခမ်းနယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီနယ်တို့ ထိစပ်ရာ နေရာရှိ မိုင်းမောမြို့ပြနိုင်ငံမှ လာရောက်သည့် မင်းရိုးဟု သုံးသပ်လျှင်မူ များစွာဖြစ်နိုင်စရာ ရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် မိုးကောင်းမြို့ပြ နိုင်ငံထူထောင်ချိန်တွင် မိုင်းမောမြို့ပြ နိုင်ငံသည် တည်ရှိပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ထို့အပြင် မိုင်းမောမြို့ပြနိုင်ငံသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သဖြင့် မောမင်း၏ သားတော်ဖြစ်သော စဝ်အိုက်သည် နန်စောအင်ပါယာ၏ အထောက်အပံ့ဖြင့်  မြို့သစ်၊ ပြည်သစ် ထူထောင်ရန် ထွက်ခွာလာသည့် မိုင်းမောမင်းရိုးဖြစ်သည်ဟူ၍ပါ သုံးသပ်နိုင်ပါသည်။

မိုးကောင်းမြို့တည်မင်း စဝ်အိုက်သည် မိုင်းမော-ဝိန်းကျွမ်က လာရောက်သည်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ရမိသည်။  

ရှမ်းနီ အမျိုးသမီးများကို တွေ့ရစဉ်

အထက်ပါ မှတ်တမ်းများကို ခြုံငုံသုံးသပ်ရပါက ရှမ်းနီတိုင်းရင်းသားတို့၏ ဘိုးဘေးများဖြစ်သော တိုင်း- တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုတို့သည် အေဒီ ၇၂၂ ခုတွင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အား ကောင်းစွာ စတင်ထူထောင်နိုင်ပြီ ဖြစ်သည်။

ထူထောင်သည့် မင်းရိုးသည် နန်စောအင်ပါယာ၏ ပဏ္ဏာဆက်နိုင်ငံဖြစ်သော မိုင်းမောမြို့ပြနိုင်ငံက လာရောက်သည့် မင်းရိုးဖြစ်၍ မိုးကောင်းကို ထူထောင်ခြင်း၏ နောက်ကွယ်တွင် နန်စော အင်ပါယာ၏ အားပေးကူညီမှုများစွာ ရှိခဲ့မည်ဖြစ်သည်။

ထို့အပြင် မိုးကောင်းမြို့ပြနိုင်ငံကို အင်အားကြီးမားစွာ ထူထောင်နိုင်ခြင်းသည် ခရစ်တော် မပေါ်မီကစ၍ အထက်မြန်မာပြည်တွင် ကြိုတင်ရောက်ရှိနေသော တိုင်း-တရုတ် ဘာသာစကားပြောသည့် ရှမ်းမျိုးနွယ်စုများ၏ အခြေခံလူမှုစီးပွား အင်အားတို့ဖြင့် ပေါင်းစည်းနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ညီနောင်(၃)ဦးတို့သည် မိုးကောင်း၊ မိုးညှင်းနှင့် မိုးပင်းကို တစ်နေရာနှင့်တစ်နေရာ အလှမ်းမကွာသော နေရာများတွင် ထူထောင်ကြခြင်းကလည်း စည်းလုံးညီညွတ်သည့် အင်အားဖြင့် နယ်ပယ်သစ်များကို ထပ်မံ ချဲ့ထွင်နိုင်ရန်နှင့် အပြန်အလှန် အကူအညီပေးနိုင်ရန် များစွာ အထောက်အပံ့ ဖြစ်စေပါသည်။

နောက်လာမည့် အပတ်တွင်မူ မိုးကောင်းမြို့ပြနိုင်ငံကို ကျားအိမ်တော်ရှင်မင်းရိုးတို့ ထပ်မံထူထောင်ကြ ခြင်း၊ မိုင်းမောမင်းရိုးတို့ ထပ်မံလာရောက် အုပ်ချုပ်ခြင်းနှင့်  နန်စောအင်ပါယာ၏ အထက်မြန်မာပြည်ကို သိမ်း သွင်း အုပ်ချုပ်နိုင်ခြင်းသည် မိုးကောင်းမြို့ပြနိုင်ငံအတွက် အင်အားကြီးမား၍ နယ်ပယ်သစ်များ ထူထောင်သိမ်း သွင်း အုပ်ချုပ်နိုင်သည်အထိ အထောက်အပံ့ကောင်း ဖြစ်စေခဲ့ပုံကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။

ကျမ်းကိုး-

၁။ ခေမိန္ဒ၊ ဦး(အဂ္ဂမဟာပဏ္ဍိတ)။ မိုးမိတ်ရာဇဝင်တော်သစ်။ ၁၉၄၈။ ပဒေသရာဇ်ပုံနှိပ်တိုက်။ တောင်ကြီးမြို့။

၂။ ဂျေအက်စ်ဖာနီဗဲလ်၊ ‌ဒေါက်တာ(သတိုးသီရိသုဓမ္မ)နှင့် ‌ဒေါက်တာဖေမောင်တင်။ ဇမ္ဗူ့ဒီပဦးဆောင်းကျမ်း။ ၁၉၆၀။ စာပေဗိမာန်ပုံနှိပ်တိုက်။ ရန်ကုန်။

၃။ မှူး၊ ဦး(တောင်ပိုင်မြို့ဝန်)။ အုန်းဘောင်မင်းဆက်ရာဇဝင်တော်။ www.Shanyoma.org.

၄။ သုခမိန္ဒ၊ အရှင်(တန့်ယန်း)။ ရှမ်းတိုင်းရင်းသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓ‌လေ့ထုံးစံများ။ ၂၀၁၃။ သာသနာတော် ထွန်းကာပြန့်ပွားရေးဦးစီးဌာန။ ရန်ကုန်။

၅။ သုဇန၊ ဘဒ္ဒန္တ(ခန္တီးဆရာတော်)။ ဗျဂ္ဃနဂရ(ခေါ်) ဝန်းသိုရာဇဝင်သစ်။ ၁၉၉၇။ ကမ္ဘာလုံးစာပေ။ ရန်ကုန်။

  1. Carmaen Eva Marseille, Shan-Ni Grammar and Processes of Linguistic Change, Leiden University, 2019.
  2. Pu Loi Hom Hom and Pu Loi Tun, THE FOUNDING OF MONG KAWNG, www.Shanyoma.org.
  3. Scott.J.George, GAZETTEER OF UPPER BURAM AND THE SHAN STATE, PART-I, VOL-I, Superintendent, Government Printing Press, 1900.

ဆက်စပ်လေ့လာသည့် မှတ်တမ်းများ-

၁။ ခင်သိန်း၊ ‌ဒေါ်(ပါမောက္ခ၊ မြန်မာစာဌာန)။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။ မြစ်ကြီးနားတက္ကသိုလ်။ www.Shanyoma.org.

၂။ ပါတောင်ဆရာတော်၏ ပုရပိုက်မှတ်တမ်း။

  1. G.E.HARVEY, HISTORY OF BURMA; From the Earliest Time to 10 March 1824, The Beginning of the English Conquest, FRANK CASS & CO. LTD, 1967.
  2. Sai Kham Mong, Selected Writings of Sai Kham Mong, Volume-1, Tri Awards Co., Ltd, 2023.