CNI International Article

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀

၂၀၂၃ ခုနှစ်၊ ဇူလိုင်လက စစ်အာဏာသိမ်းမှု မတိုင်မီအချိန်အထိ နိုက်ဂျာသည် ဆာဟယ်ဒေသတွင် အမေရိကန်၊ ပြင်သစ်နှင့် အနောက်နိုင်ငံများ၏ လုံခြုံရေးဗိသုကာအဖြစ် အဓိကနေရာတွင် ပါဝင်ခဲ့သည်။ 

မကြာသေးမီ နှစ်များအတွင်း နိုက်ဂျာကို နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ချိန်တွင် အမေရိကန်နှင့် ပြင်သစ်၏ တပ်ဖွဲ့များကို နိုက်ဂျာက တပ်စွဲခွင့်ပြုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဥရောပသမဂ္ဂက နိုက်ဂျာကို ယူရို သန်း ၅၀၀ ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပြင်သစ်က နိုက်ဂျာကို ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့ပေးခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ၏ ခရီးစဉ်အတွင်း နိုက်ဂျာကို တိုက်ရိုက်ထောက်ပံ့မှုအဖြစ် ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။ 

နိုက်ဂျာအာဏာသိမ်း စစ်ခေါင်းဆောင်များကိုတွေ့ရစဉ်


ထိုအချက်များကြောင့် နိုက်ဂျာသည် လက်နက်ကိုင် အကြမ်းဖက်မှုများရန်မှ အကာအကွယ်ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဖရိကဒေသတွင်း အကြမ်းဖက်မှုများ မြင့်တက်နေသည့်တိုင် နိုက်ဂျာတွင် ၂၀၂၂ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်။ 

မည်သို့ပင်ဆိုစေ မာလီတွင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုများ၊ ဂီနီတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှု၊ ဘာကီနာဘာဆိုတွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းမှု၊ ၂၀၂၃ နိုက်ဂျာ အာဏာသိမ်းမှုနှင့် အတူ သုံးနှစ်အတွင်း နိုက်ဂျာ အပါအဝင် အိမ်နီးချင်းနိုင်ငံများအကြား အာဏာသိမ်းမှုများ မြင့်တက်နေခြင်းသည် ဒေသတွင်း အမေရိကန်နှင့် ပြင်သစ်တို့၏ အကြီးစား စစ်ဘက်ဆိုင်ရာ ထိတွေ့ဆောင်ရွက်မှုများအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ 

အာဖရိကတွင် အနောက်အုပ်စု၏ စစ်ရေးကြားဝင်မှုသည် ရုရှားနှင့် တရုတ်ကဲ့သို့ အနောက်အုပ်စုနှင့် မတည့်သည့် နိုင်ငံများအတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာစေနိုင်သည်။

 နိုက်ဂျာရှိ အမေရိကန်စစ်တပ်ကိုတွေ့ရစဉ်

အဘယ်ကြောင့်ဆိုသော် ရုရှားနှင့်တရုတ်သည် အာဖရိကအရေးတွင် အနောက်အုပ်စုနှင့် သြဇာလွှမ်းမိုးမှု ရရှိရေး အတွက် ယှဉ်ပြိုင်ရန် ပူးပေါင်း ပြင်ဆင်နေခြင်းကြောင့် ဖြစ်သည်။

တစ်ဖက်တွင်လည်း နိုင်ငံမဲ့ လက်နက်ကိုင် အုပ်စုများ (NSAGs) သို့မဟုတ် မာဂရက် ဒေသမှ အယ်အယ်ဒါအဖွဲ့ (AQIM) ၊ ဂျမတ် နျူစရက် အယ်အစ္စလာမ် ဝယ်လ် မူဆလီမင်(JNIM) အဖွဲ့နှင့် ကြီးမြတ်သည့် ဆာဟာဒေသမှ အိုင်အက်စ်အဖွဲ့ (ISGS) ကဲ့သို့ စစ်သွေးကြွအဖွဲ့များကို ပိုမိုလှုပ်ရှားခွင့် ရရှိစေမည်ဖြစ်သည်။

ထိုအချက်များကြောင့် အနောက်နိုင်ငံများမှ မူဝါဒချမှတ်သူများသည် ဆာဟယ်ဒေသရှိ ၎င်းတို့၏ လုံခြုံရေး မူဝါဒ များကို ပြန်လည်သုံးသပ်ရမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

အမေရိကန်သည် နိုက်ဂျာ၏ အဂါဒက်ဇ် (Agadez) မြို့တွင် ဒရုန်းစခန်းတစ်ခု ဖွင့်ထားပြီး အမေရိကန်စစ်တပ်၏ အာဖရိကဒေသဆိုင်ရာ စစ်ဌာနချုပ် (AFRICOM) နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ထိုဒရုန်းစခန်းသည် ဆာဟယ်ဒေသတွင် ထောက်လှမ်းရေးနှင့် သတင်းအချက်အလက်များ  စုဆောင်းရန် တာဝန် ယူထားသည်။

အဆိုပါ ဒရုန်းစခန်း၏ တည်နေရာသည် တည်ငြိမ်မှုရှိသည့် အစိုးရနှင့် ဘေးကင်းလုံခြုံမှုရှိသည့် ပတ်ဝန်းကျင် အခြေအနေအပေါ် မှီခိုအားထားနေရသည်။ သို့သော် နိုက်ဂျာတွင် အခြေအနေများ ပြောင်းလဲလာသဖြင့် အမေရိကန်သည် ၎င်း၏ မူဝါဒကို ပြန်လည်သုံးသပ်ဖွယ်ရှိနေသည်။

၂၀၁၂ ခုနှစ် လစ်ဗျားအရေးကဲ့သို့ အမေရိကန်သည် နိုက်ဂျာရှိ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ ထက် AFRICOM ကိုပိုပြီး အားထားဖွယ်ရှိနေသည်။

 နိုက်ဂျာရှိ ပြင်သစ် စစ်တပ်ကိုတွေ့ရစဉ်

၂၀၁၂ ခုနှစ်က လစ်ဗျားနိုင်ငံ ဘင်ဂါဇီ (Benghazi) မြို့တွင် တိုက်ခိုက်မှုများကြောင့် အမေရိကန်သံအမတ် ခရစ် စတီဗင် (Chris Stevens) သေဆုံးခဲ့ပြီးနောက် အမေရိကန်သည် လစ်ဗျားနိုင်ငံဆိုင်ရာ လုံခြုံရေးမူဝါဒကို ပြောင်းလဲခဲ့ပြီး လစ်ဗျားတွင် အမေရိကန်၏ စစ်အင်အားကို လျှော့ချခဲ့ကာ လစ်ဗျားအရေးနှင့်ပတ်သက်ပြီး AFRICOM ကို ကြီးကြပ်ရန် တာဝန်ပေးခဲ့သည်။

ထို့ကြောင့် နိုက်ဂျာအရေးတွင်လည်း အမေရိကန်သည် လစ်ဗျားကဲ့သို့ လုပ်ဆောင်ဖွယ်ရှိနေသည်။

အမေရိကန်နည်းတူ ပြင်သစ်သည်လည်း ဆာဟယ်ဒေသတွင် လုံခြုံရေးရရှိရန် ကြိုးပမ်းလုပ်ဆောင်နေသည့် နိုင်ငံဖြစ်သည်။

မာလီတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပြင်သစ်သည် မာလီရှိ ၎င်း၏ စစ်သားများကို ရုပ်သိမ်းကာ နိုက်ဂျာသို့ ရွှေ့ပြောင်းခဲ့သည်။
အမေရိကန်နှင့် မတူသည့် အချက်မှာ နိုက်ဂျာတွင် ပြင်သစ်တပ်များ၏ တည်ရှိရေးအတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိနေသည်။ နိုက်ဂျာ၏ ယူရေနီယံ အရင်းအမြစ်များသည် ပြင်သစ်စီးပွားရေးအတွက် အကျိုးစီးပွားများ ဖြစ်သည်။

ထို့ပြင် နိုက်ဂျာကို ပြင်သစ်က ကိုလိုနီပြုခဲ့ခြင်းကြောင့် နိုင်ငံရေးအရ လွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းရန် ဖြစ်သည်။

မည်သို့ပင်ဆိုစေ မကြာသေးမီ နှစ်များအတွင်း အာဖရိကတွင် အနောက်အုပ်စု ဆန့်ကျင်သည့် လှိုင်းလုံးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ဆာဟယ်ဒေသနိုင်ငံများရှိ စစ်ရေးနှင့် နိုင်ငံရေး အထက်တန်းလွှာများအကြား ပြင်သစ် ဆန့်ကျင်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ 

နိုက်ဂျာ စစ်ခေါင်းဆောင်များကလည်း ဒေသတွင်း နိုင်ငံရေးနှင့် အင်အားချိန်ခွင်လျှာ ညှိမှုတွင်း ပြင်သစ်၏ လွှမ်းမိုး မှုကို ဖယ်ရှားရန် ကြိုးပမ်းခဲ့သည်။ 

ထို့ပြင် အပြောင်းအလဲတစ်ခု အနေဖြင့် ရုရှား၏ ပုဂ္ဂလိက ကြေးစားစစ်သားငှားရမ်းသည့် ဝဂ်နာအုပ်စုကို အစားထိုးရန် ပြင်ဆင်လာခဲ့ဖွယ်ရှိသည်။

ဝဂ်နာအုပ်စုသည် မာလီ၊ ဘာကီနာဖာဆိုနှင့် နိုက်ဂျာတို့တွင် သြဇာလွှမ်းမိုးမှုရရှိရန် ကြိုးပမ်းနေသည်။ တစ်ချိန် တည်းမှာပင် ဆာဟယ်ဒေသရှိ လက်နက်ကိုင်အုပ်စုများကို တိုက်ခိုက်နေသည့် ပြင်သစ်၏ အားထုတ်ကြိုးပမ်းမှု များသည် ဒေသခံများ၊ လူမျိုးစုများနှင့် လူမှုစီးပွား အောင်မြင်ရေးတို့အတွက် ချိတ်ဆက် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့ပေ။

ထို့ကြောင့် နိုက်ဂျာအရေးတွင် အမေရိကန်နှင့် ပြင်သစ်သည် စစ်ရေးအရ ကြားဝင်ပါဝင်မှုထက် အာဖရိကတိုက်၊ အထူးသဖြင့် ဆာဟယ်ဒေသတွင် ၎င်းတို့၏ ပုံရိပ်ကို နစ်နာဆုံးရှုံးစေမည့် အခြေအနေမျိုးကို ရှောင်လွှဲစေနိုင်မည့် ချဉ်းကပ်မှုကို ရွေးချယ်မည် ဟုတ်/မဟုတ် စောင့်ကြည့်ရမည်ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား