CNI International News

ဝါရှင်တန်၊ ဧပြီ ၂၇

ထိုင်ဝမ်ဒေသခံများကို စစ်ရေးပံ့ပိုးပေးခြင်းဖြင့် ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုမှန်သမျှ ခံနိုင်ရည်ရှိအောင် ဝါရှင်တန်က လုပ်ဆောင်ပေးနေကြောင်း၊ တတိယအဖွဲ့အစည်း (third-party) လွှဲပြောင်းပေးခြင်းနှင့် ကျွန်း၏ အချိုးမညီသော အဟန့်အတားစွမ်းရည်များ မြှင့်တင်ခြင်းတို့၌ ကူညီနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်က ပြောကြားခဲ့သည်။

“ဆယ်စုနှစ်အတော်ကြာအောင် ဖြစ်တည်နေတဲ့ လက်ရှိအနေအထားကို နှောင့်ယှက်ဖို့ တရုတ်ရဲ့တစ်ဖက်သတ် လုပ်ဆောင်မှုတွေအပါအဝင် ထိုင်ဝမ်ကိုယ်တိုင်က သူ့မှာဖြစ်လာနိုင်တဲ့ ရန်လိုမှုတွေကို ကာကွယ်ခုခံမယ့် နည်း လမ်းအားလုံး သေသေချာချာ ပြင်ဆင်ထားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဘလင်ကင်က ဧပြီ ၂၆ ရက်တွင် အထက် လွှတ်တော် နိုင်ငံခြားရေးဆက်ဆံရေးကော်မတီထံသို့ ပြောကြားခဲ့သည်။

ထိုင်ဝမ်သို့ အမေရိကန်လက်နက်ရောင်းချမှုမှာ ဒေါ်လာ ၂၀ ဘီလီယံနီးပါး ရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်ကတည်းက ထိုင်ဝမ်တိုက်ရိုက်ရောင်းချမှုအနေဖြင့် ဒေါ်လာ ၂ဒသမ၅ ဘီလီယံတန်ဖိုးဖြစ်ကြောင်း ဘလင်ကင်က မှတ်ချက်ချ ခဲ့သည်။

“ကျနော်တို့က ထိုင်ဝမ်ကို အပြင်ကနေ လွှဲပြောင်းပေးမှုတွေ အရှိန်မြှင့်ပြီး လုပ်နေပါတယ်။ သူတို့ဒေသခံတွေရဲ့ ကာကွယ်ရေးစွမ်းရည်တွေကိုလည်း ပံ့ပိုးနေပါတယ်။ ပြီးတော့ အင်အားချင်း အချိုးမညီတဲ့အခါမှာ သူတို့ ဘယ်လို ခုခံကာကွယ်မလဲဆိုတာတွေ အကူအညီဆက်ပေးဖို့ အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထိုင်ဝမ်ကို တရုတ်သိမ်းမည်ဆိုပါက ကမ္ဘာ့အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်နေသည့် တပိုင်းလျှပ်ကူးပစ္စည်း (semiconductor) ဈေးကွက်ကို အလဲထိုးနိုင်မည်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြား ဆက်ဆံ ရေးကော်မတီ ဥက္ကဋ္ဌ ဘော့မန်နန်ဒက်ဇ် (နယူးဂျာစီပြည်နယ်၊ ဒီမိုကရက်တစ်အမတ်) က သတိပေးခဲ့သည်။

ထိုင်ဝမ်သည် တကမ္ဘာလုံးရှိ တန်ဖိုးကြီး တပိုင်းလျှပ်ကူးပစ္စည်းအားလုံး၏ ၉၀ ရာခိုင်နှုန်း ထုတ်လုပ်နေကြောင်း ၎င်းက ခန့်မှန်းတွက်ဆပြသည်။
“တကယ်လို့ တရုတ်က ထိုင်ဝမ်ကို လွှမ်းမိုးနိုင်ပြီး အခုလက်ရှိ ကမ္ဘာပေါ်က တပိုင်းလျှပ်ကူးပစ္စည်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းထုတ်လုပ်မှုကို ထိန်းချုပ်နိုင်သွားပြီဆိုရင်တော့ ကမ္ဘာကြီးဟာ နာကျင်စရာဖြစ်လာလိမ့်မယ်” ဟု ဘော့မန်နန်ဒက်ဇ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို အကူအညီပေးရန် ပျက်ကွက်ပါက ဒေသတွင်းရှိ အမေရိကန်မဟာမိတ်များထံသို့ မိမိတို့ အကြောင်း ကြားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“တကယ်လို့ သူတို့က ထိုင်ဝမ်ကို လုပ်မပေးဘူးဆိုရင် ကျနော်တို့အတွက်လည်း လုပ်ပေးမှာ မဟုတ်ဘူး” ဟု ၎င်းက သုံးသပ်ခဲ့သည်။

ဝါရှင်တန်သည် အဆင့်မြင့်ဆုံး တပိုင်းလျှပ်ကူး(အီလက်ထရောနစ်)ကိရိယာများ ထုတ်လုပ်ရာတွင် ဘေဂျင်းထက် နည်းပညာပိုင်း အားသာချက် ရှိနေကြောင်း ဘလင်ကင်က သဘောတူလက်ခံခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်အစိုးရသည် ထိုင်ဝမ်၊ ဂျပန်၊ နယ်သာလန်အပါအဝင် အခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင် နေပြီး အဆင့်မြင့်တပိုင်းလျှပ်ကူးပစ္စည်း (သို့မဟုတ်) ထုတ်လုပ်သည့်နည်းပညာများ တရုတ်လက်သို့ မရောက် စေဖို့ တားဆီးရမည်ဖြစ်ကြောင်း၊ ထိုကိစ္စအတွက် ထိုင်ဝမ်သည် အရေးကြီးကြောင်း ဘလင်ကင်က လွှတ်တော် တွင် ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားထိုးစစ်လာသည့် ဖေဖော်ဝါရီလမှစ၍ တရုတ်နှင့်အမေရိကန် ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။ မော်စကိုအထီးကျန်ဖြစ်စေရေးအတွက် ဘေဂျင်းကို ဝါရှင်တန်အနေဖြင့် စည်းရုံးနိုင်ခြင်းမရှိ၍ ယင်းသို့ ဆက်ဆံ ရေးဆိုးရွားလာခြင်းဖြစ်သည်။

ယူကရိန်းကို ရုရှားရန်စလာချိန်၌ တရုတ်က ခြံစည်းရိုးခွထိုင်နေခဲ့ကြောင်း၊ အထူးသဖြင့် ဥရောပတွင် တရုတ်သည် ဂုဏ်သိက္ခာကြီးကြီးဖြင့် ပေးဆပ်နေရကြောင်း ဧပြီ ၂၆ ရက် လွှတ်တော်ကြားနာမှုတွင် ဘလင်ကင် အမေရိကန် အထက်လွှတ်တော်(ဆီးနိတ်)အမတ်များကို ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန