CNI International News

ဝါဆော၊ ဧပြီ ၂၇

ပိုလန်နှင့်ဘူလ်ဂေးရီးယား အစိုးရတာဝန်ရှိသူများက ရုရှားသုံး ရူဘယ်ငွေဖြင့် ငွေပေးချေရန် ငြင်းဆန်၍ ရုရှားသည် အဆိုပါ နိုင်ငံများထံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု ဆိုင်းငံ့ထားခဲ့ကြောင်း ဧပြီ ၂၆ တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းအရ သိရ သည်။

ယူကရိန်းကျူးကျော်စစ် နောက်ပိုင်း စီးပွားရေး ပိတ်ဆို့ခံရသဖြင့် သယံဇာတတင်ပို့ ရောင်းချမှုများကို ရူဘယ်ငွေဖြင့်သာ ပေးချေကြရန် သမ္မတဗလာဒီမာပူတင်က တောင်းဆိုခဲ့ပြီး ဖြစ်သည်။

ရုရှားအစိုးရပိုင် ဂက်ဇ်ပရွန် (Gazprom) စွမ်းအင်ကုမ္ပဏီသည် ဥရောပသမဂ္ဂ (EU)နှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ် (နေတိုး) အဖွဲ့ဝင်များဖြစ်ကြသော အဆိုပါနှစ်နိုင်ငံထံသို့ ဓာတ်ငွေ့တင်ပို့မှုများကို ယနေ့(ဧပြီ ၂၇ ရက်)မှစတင် ဆိုင်းငံ့ လိုက် ကြောင်း ပိုလန်နှင့်ဘူလ်ဂေးရီးယားတို့က အသီးသီး ပြောကြားခဲ့ကြသည်။

“မိတ်ဆွေမပီသော နိုင်ငံခြား ဝယ်ယူသူများအနေဖြင့် ဒေါ်လာနှင့် ယူရိုအစား ရူဘယ်ဖြင့်သာ ဂက်ဇ်ပရွန်သို့ ငွေပေးချေရမည်” ဟု ပြီးခဲ့သည့်လက ပူတင်ကြေညာခဲ့ပြီးနောက် ယခုဓာတ်ငွေ့တင်ပို့မှု ပထမဆုံးအကြိမ် ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

ပူတင်ကိုတွေ့ရစဉ်(AP)

ပူတင်၏ ကြေညာချက်သည် အရောင်းအဝယ် စာချုပ်များကို တစ်ဖက်သတ် ဖောက်ဖျက်ခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းအဖြစ် တခြားနိုင်ငံများက တောင်းဆိုနေကြချိန်တွင် ဟန်ဂေရီတစ်နိုင်ငံတည်းသာ သဘောတူညီခဲ့သည်။

အကယ်၍ တခြားနိုင်ငံများသို့ပါ ဓာတ်ငွေ့တင်ပို့မှု ဆိုင်းငံ့လိုက်လျှင် ဥရောပ၌ စီးပွားရေး အထိနာစေမည်ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများ အဆမတန် မြင့်တက်လျက် ခွဲတမ်းဖြင့်သာ ရမည့်အခြေအနေသို့ ဦးတည်သွားနိုင်စရာ ရှိနေသည်။ ထို့ပြင် ရုရှား၏စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေမည့် အလားအလာလည်း များနေသည်။

ထိုသို့ ဧပြီ ၂၇ ရက် (ယနေ့)မှစ၍ ရုရှားဘက်မှ ဓာတ်ငွေ့ဆိုင်းငံ့ လိုက်ခြင်းကြောင့် ယာမယ်-ဥရောပ (Yamal-Europe) ပိုက်လိုင်းမှတဆင့် ရုရှားဓာတ်ငွေ့များ ပိုလန်သို့ ပို့လွှတ်နေမှုကို သက်ရောက်မှု ရှိစေမည်ဖြစ်သည်။

ပိုလန်နဲ့ဘူလ်ဂေးရီးယား(GETTY IMAGES)

ယာမယ်-ဥရောပ ပိုက်လိုင်းသည် ရုရှားထံမှ ပိုလန်နှင့် ဂျာမနီတို့သို့ ဘယ်လာရုစ်နိုင်ငံကို ဖြတ်သန်းလျက် ဓာတ်ငွေ့များ ပို့လွှတ်ပေးနေခြင်း ဖြစ်သည်။ ပိုလန်သည် ရုရှားဓာတ်ငွေ့ နှစ်စဉ် ကုဗမီတာ ၉ ဘီလီယံခန့် ရရှိနေပြီး ထိုပမာဏသည် ၎င်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၄၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေသည်။

ပိုလန် ဓာတ်ငွေ့ကုမ္ပဏီသည် မော်စကို၏ ငွေပေးချေရေး တောင်းဆိုချက်အပေါ် တရားဥပဒေအရ အရေးယူရန် စဉ်းစား နေကြောင်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။

သို့သော် ပိုလန်သည် ရုရှားစွမ်းအင် ရင်းမြစ်များအပေါ် မှီခိုနေရမှုကို လျှော့ချရန် ပြင်ဆင်ထားကြောင်း ၎င်းအစိုးရအဖွဲ့ဝင် ရာသီဥတုဆိုင်ရာဝန်ကြီး အန်နာမော့ကဝါ (Anna Moskwa) က အသိပေးခဲ့သည်။

ပိုလန်နိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်များစွာကပင် ဘောလ်တစ်ပင်လယ် ကမ်းရိုးတန်းရှိ စွင်နော့ဂျက်စီ (Swinoujscie) တွင် သဘာဝဓာတ်ငွေ့ရည် ရယူရန် ပိုလန်၏ပထမဆုံး LNG ဆိပ်ကမ်းကို ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် နော်ဝေထံမှ ပိုက်လိုင်းတစ်ခုဖြင့် စတင်လည်ပတ်တော့မည် ဖြစ်သည်။

Source: AP