CNI International News

ဝါဆော၊ ဒီဇင်ဘာ ၁၀

ဂျာမနီသည် ဥရောပကို ကြီးစိုးရန် ကြိုးစားနေသည်ဟု ပိုလန်အာဏာရပါတီ ခေါင်းဆောင် ဂျာရိုစလော ကတ်ဇီရန် စကီက ပြောကြောင်း AP သတင်းမှ ဖော်ပြခဲ့သည်။

ပိုလန်လူမျိုးများသည် နောင်တွင် ဂျာမနီ၏ အလိုကျသာ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးသည်။

လက်ရှိ အာဏာရ အမျိုးသားကွန်ဆားဗေးတစ်ပါတီ ဥက္ကဋ္ဌ ဂျာရိုစလော ကတ်ဇီရန်စကီ (Jaroslaw Kaczynski) သည် လာမည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် ဂျာမနီနိုင်ငံနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ပြိုင်ဘက်များကိုလည်း ဂျာမန်သစ္စာတော်ခံများဟု ဖော်ညွှန်းခဲ့သည်။

တခြားသော အလယ်ဥရောပ နိုင်ငံများနည်းတူ ပိုလန်လူမျိုး အများစုသည်လည်း ယူကရိန်းအရေးနှင့် ပတ်သက်သည့် ဂျာမနီ၏ ရပ်တည်ချက်အပေါ် ဝေဖန်လျက်ရှိသည်။

အထူးသဖြင့် ရုရှား၏ စွမ်းအင်ကို မှီခိုနေရသော ဓာတ်ငွေ့ဆိုင်ရာ စာချုပ်များကြောင့်ဖြစ်ပြီး ထိုစာချုပ်များက ရုရှားတို့၏ စစ်ရေးလှုပ်ရှားမှုများအတွက် အထောက်အပံ့ ဖြစ်စေလျက်ရှိသည်ဟု ရှုမြင်ထားသည်။

ပိုလန်အထိန်းအမှတ် ကျောက်တိုင်ကိုတွေ့ရစဉ် (AP)

သို့သော် လက်ရှိအာဏာရ ဥပဒေနှင့်တရားမျှတမှုပါတီကို ဝေဖန်သူများက ၎င်း၏ ဂျာမနီဆန့်ကျင်ရေး သဘော ထားသည် ပိုလန်အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ရုံမက အနောက်အုပ်စု မဟာမိတ်များနှင့် ဆက်ဆံ ရေးပြတ်တောက်နိုင်သည့် အန္တရာယ်ရှိနေသည်ဟု ထောက်ပြသည်။

ဂျာမနီဘက်မှ ကမ်းလှမ်းထားသော ဒုံးကျည်ကာကွယ်ရေးစနစ် သုံးခုကို ပိုလန်နိုင်ငံဘက်မှ လက်ခံခြင်း ရှိ/မရှိနှင့် ပတ်သက်၍ အာဏာရပါတီ၏ မပြတ်သားမှုက ပို၍ အန္တရာယ်ရှိသည်ဟုလည်း ဝေဖန်သူများက ပြောသည်။

ပြီးခဲ့သည့်လ ယူကရိန်းနှင့် နယ်စပ်အနီး ပိုလန်မြေပေါ်သို့ ဒုံးကျည်တစ်ခု ကျရောက်ခဲ့မှုကြောင့် ဂျာမနီ ဘက်က ထိုသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုကမ်းလှမ်းမှုကို ကတ်ဇီရန်စကီက ယူကရိန်းမြေပေါ်တွင် သွားရောက် တပ် ဆင်သင့်သည်ဟု တုန့်ပြန်ခဲ့ပြီး ထိုအချက်ကို ဂျာမနီဘက်မှ လက်မခံချေ။

ပြီးခဲ့သည့် အင်္ဂါနေ့မှ ကမ်းလှမ်းမှုများကို လက်ခံကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော် လည်း ထိုသို့ လက်ခံရခြင်းအအတွက် စိတ်ပျက်မိသည်ဟု ကတ်ဇီရန်စကီက ပြောခဲ့သည်။

ပိုလန်သမ္မတ အန့်ဇတ်ဒူဒါကို လူငယ်များနဲ့အတူ တွေ့ရစဉ် (AP)

ပိုလန်အာဏာရ ပါတီဘက်မှ ယခုကဲ့သို့ ဂျာမနီကို လိုလားဟန် မရှိခြင်းမှာ သက်ကြီးပိုင်း မဲဆန္ဒရှင်များထံမှ မဲများရရှိရေး ကြိုးစားနေမှုဟု ဝေဖန်သူများက ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့က ပိုလန်ကို ကျူးကျော်ခဲ့ကာ ပိုလန်နိုင်ငံသား ၆ သန်းကျော် သေဆုံးခဲ့ သည်။ ထိုအတိတ် ဖြစ်ရပ်များနှင့်ဆက်စပ်၍ သက်ကြီးပိုင်း မဲဆန္ဒရှင်များထံမှ ထောက်ခံမဲ ရရှိအောင် အာဏာရ ပါတီက လုပ်ဆောင်နေခြင်းဟု ဝေဖန်ကြခြင်း ဖြစ်သည်။

သို့သော် ဂျာမနီတွင် ပညာသင်ကြားခဲ့သည့် သို့မဟုတ် အလုပ်လုပ်ခဲ့သည့် ပိုလန်လူမျိုး အများစုကတော့ ခေတ်သစ် ဂျာမနီနိုင်ငံနှင့်ပတ်သက်၍ အကောင်းမြင် သဘောထား ရှိကြသည်။

ပိုလန်၏ အကြီးမားဆုံး အနောက်ဘက် အိမ်နီးချင်း နိုင်ငံဖြစ်သော ဂျာမနီသည် ၎င်းတို့၏ ပင်မကုန်သွယ်ဖက် ဖြစ်ရုံမက နေတိုး(NATO)နှင့် အီးယူ(EU) မဟာမိတ်နိုင်ငံ တစ်ခုလည်း ဖြစ်သည်။ ပိုလန်သမ္မတ အန့်ဇတ်ဒူဒါ (Andrzej Duda) သည် လာမည့် တနင်္လာနေ့တွင် ဘာလင်(ဂျာမနီ)သို့ သွားရောက်ရန် စီစဉ်ထားသည်။

Source: AP