CNI International News

ဘာလင်၊ ဇွန်လ ၁၆

ယူကရိန်းစစ်ကြောင့် ဘော်လကန်ဒေသ အနောက်ခြမ်းအထိ မတည်မငြိမ် ဖြစ်လာမည်ကို စိုးရိမ်လာသဖြင့် ဂျာမနီအစိုးရ သည် ဘော့စနီးယားတွင် ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင် (စစ်ရေး စေလွှတ်မှု တာဝန်)နှင့်အတူ ၎င်း၏တပ်ဖွဲ့ဝင်များ ချထားမည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက ရေးသားထားသည်။

၂၀၀၄ ခုနှစ် ကတည်းက စတင်လှုပ်ရှားခဲ့သည့် ယူရိုဖိုး-အယ်လ်သီယာ (EUFOR-Althea) တပ်ပေါင်းစုသို့ ယခုအခါ မိမိတို့ တပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဇွန်လ ၁၅ တွင် ဘာလင်၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲမှာ ဂျာမနီ အစိုးရ ပြောရေးဆိုခွင့်ရှိသူ စတက်ဖ်ဖန်စိုင်ဘတ် (Steffen Seibert) က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဂျာမနီတပ်များ ဘော့စနီးယားကို ကျောခိုင်း ထွက်ခွာပြီးနောက် ယခု ပြန်လည်ချထားမည့် အထိမ်းအမှတ် အဖြစ် တစ်နှစ်အတွင်း အများဆုံး တပ်ဖွဲ့ဝင်အင်အား ၅၀ စေလွှတ်သွားမည်ဟု စိုင်ဘတ်က ဆက်လက် ပြောကြားခဲ့သည်။

စေလွှတ်မည့် ဂျာမနီတပ်ဖွဲ့ဝင်အချို့ကို ဘော့စနီးယား ပြည်တွင်းရှိ ယူရိုဖိုး တပ်ပေါင်းစု အမိန့်အရ တာဝန်ထမ်းနေသော ဆက်ဆံရေးနှင့် စောင့်ကြည့်ရေးအဖွဲ့ထဲသို့ စေလွှတ်မည်ဖြစ်ပြီး အချို့ကို ဆာရာဂျေဗိုမြို့တော်ရှိ တပ်ပေါင်းစုဌာနချုပ်သို့ ပို့မည်ဟု သိရသည်။

ဘော့စနီးယားရှိ ဥရောပသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု(GETTY IMAGES)

ထိုသို့ ဂျာမနီတပ်များ ဘော့စနီးယားလွှတ်မည့် ဆုံးဖြတ်ချက်ကို ဘွန်ဒက်စတက် လွှတ်တော်ထဲတွင် အတည်ပြုရန် လိုအပ်ကြောင်း၊ လွှတ်တော်က အတည်ပြုပြီးလျှင် ဂျာမန်စစ်သားများ စတင်စေလွှတ်သွားရန် စီစဉ်နေကြောင်း စိုင်ဘတ်က သတင်း ထောက်များကို ရှင်းပြခဲ့သည်။

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားရှိ ယူရိုဖိုး-အယ်လ်သီယာ တပ်ပေါင်းစုသို့ ဂျာမနီတပ်များ စေလွှတ်ခြင်းဖြင့် မိမိတို့ ဂျာမနီ ဖက်ဒရယ်အစိုးရက EU ၏ စစ်ဆင်ရေးတွင် ပြန်လည်ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

“တည်ငြိမ်သော ဘော်လကန်ဒေသ အနောက်ပိုင်းဖြစ်ဖို့အတွက် ကျနော်တို့တွင် အလွန်အရေးကြီးသည်။ ဘွန်ဒက်စတက် လွှတ်တော်တွင် ပထမဆုံးအကြိမ် ညှိနှိုင်းမှုကို ဇွန်လ ၂၄ ရက်တွင် ပြုလုပ်နိုင်ရန် မျှော်လင့်ထားသည်” ဟု ၎င်းဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Source: Aljazeera