CNI International News

ဆူဗာ၊ ဒီဇင်ဘာ ၂၃

လွှတ်တော် မခေါ်နိုင်ခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ် အငြင်းပွားဖွယ် ရွေးကောက်ပွဲပြီးနောက် နိုင်ငံ၏ တရား ဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းရန် ဖီဂျီစစ်တပ်အား ဝန်ကြီးချုပ် ဖရန့်ဘိုင်နီမာရာမာ (Frank Bainimarama)က အကူအညီ တောင်းခံခဲ့ရသည်ဟု အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

နိုင်ငံ၏ သက်တော်ရှည် ဝန်ကြီးချုပ် ဖရန့်ဘိုင်နီမာရာမာက ယခုဖြစ်ရပ်ကို ကြာသပတေးနေ့(ဒီဇင်ဘာ ၂၂ ရက်) တွင် အတည်ပြုပေးသည်။

ရွေးကောက်ပွဲ မတိုင်ခင် လူမျိုးစု အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်ဆိုသော သတင်းများကြောင့် ယခုကဲ့သို့ စစ်တပ်ကို အကူအညီတောင်းခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲတွင် ညွှန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်သော မဲအရေအတွက်ကို ရရှိခဲ့သည်ဟု ပြိုင်ဘက် ဆီတီဗန်နီ ရာဗူကာ(Sitiveni Rabuka)၏ Political Alliance ပါတီနှင့် တခြား ပါတီနှစ်ခုတို့က ပြောသော်လည်း ဘိုင်နီ မာရာမာက ဝန်ခံရန် ငြင်းဆိုထားသည်။

ဝန်ကြီးချုပ် ဖရန့်ဘိုင်နီမာရာမာကိုတွေ့ရစဉ် (GETTY IMAGES)

“အစိုးရအဖြစ် ကျနော်တို့မှာ တာဝန်ရှိနေသရွေ့ ဖီဂျီနိုင်ငံသားတိုင်း၏ လုံခြုံရေးကို ကာကွယ်ရမည်မှာ ကျနော်တို့ တာဝန်ဖြစ်သည်”ဟု ၎င်းက လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က ရွေးကောက်ပွဲ ပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြား ရေးသား ပြောဆိုခြင်းလည်း ဖြစ် သည်။

“ရွေးကောက်ပွဲ အချိန်ကာလတွင်း ကျနော်တို့ နိုင်ငံသားများ ထိခိုက်မှု၊ အင်ဒို-ဖီဂျီ အိမ်များနှင့်စီးပွားရေး လုပ်ငန်း များ အကြမ်းဖက် ခံရသည်ဆိုသည့် သတင်းများက စိတ်ပျက်စရာ ကောင်းသည်”ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။

ဘိုင်နီမာရာမာနှင့် ရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ အရာရှိများ တွေ့ဆုံပြီးနောက် စစ်တပ်နှင့် ရေတပ် တပ်သားများကို အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ရဲကော်မရှင်နာ ဆီတီဗန်နီကွီလီဟို (Sitiveni Qiliho)က ပြောသည်။

နိုင်ငံတွင်းရှိ လူနည်းစု တိုင်းရင်းသားများအပေါ် ခြိမ်းခြောက်မှုများ ရှိနေပြီး ၎င်းတို့သည် နိုင်ငံရေး အခြေအနေများ ကြောင့် ကြောက်ရွံမှုဖြင့် နေထိုင်နေရသည်ဟု ကွီလီဟိုက ပြောသည်။

ပြိုင်ဘက် ဆီတီဗန်နီ ရာဗူကာ(Sitiveni Rabuka)ကိုတွေ့စဉ် (GETTY IMAGES)

သို့သော် ထိုသတင်းများမှာ လုံးဝ အခြေအမြစ်မရှိဟု နိုင်ငံ၏ပထမဆုံးသော အင်ဒို-ဖီဂျီ ဝန်ကြီးချုပ် မဟန်ဒရာ ချောက်ရီ (Mahendra Chaudhry)က ပြောသည်။

မတည်ငြိမ်မှုများ လုံးဝ မရှိကြောင်းနှင့် ပြည်သူများသည် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရေး လွှတ်တော်ခေါ်ရန် သမ္မတကို စောင့်ဆိုင်းနေကြောင်း မဟန်ဒရာချောက်ရီ (Mahendra Chaudhry) က ပြောသည်။

၎င်းသည် ၂၀၀၀ ခုနှစ် အာဏာသိမ်းမှုတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်သည်။

ပစိတ်ဖိတ် နိုင်ငံငယ်ဖြစ်သည့် ဖီဂျီသည် လွန်ခဲ့သော ၃၅ နှစ်အတွင်း စစ်တပ် အာဏာသိမ်းမှု ၄ ကြိမ်နှင့် ကြုံတွေ့ ခဲ့ရပြီး ဖြစ်သည်။

လက်ရှိ ဝန်ကြီးချုပ် ဘိုင်နီမာရာမာသည် စစ်တပ် အာဏာသိမ်းမှု တစ်ခုကို ဦးဆောင်ခဲ့ပြီးနောက် မိမိကိုယ် မိမိ ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ဦးအဖြစ် အသွင်ပြောင်းကာ ရာထူးကို ၁၆ နှစ်ကြာ ရယူထားခဲ့သူ ဖြစ်သည်။

Source: အယ်ဂျာဇီးယား