CNI International News

ခါတွန်၊ ဒီဇင်ဘာ - ၆

ဆူဒန်အာဏာသိမ်း စစ်တပ်နှင့် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကျင်းပရေးဆိုသော အချက် ပါဝင်သည့် အသွင်ကူးပြောင်းရေးဆိုင်ရာ မူဘောင်တစ်ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း  အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက်သည် ၂၀၂၁ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မတင်မကျ အခြေအနေကို အဆုံးသတ် ပေးမည်လည်း ဖြစ်သည်။

သို့သော် တနင်္လာနေ့တွင် ရေးထိုးခဲ့သော သဘောတူညီချက်ကို စစ်တပ်ဆန့်ကျင့်ရေး ဆန္ဒပြ အဖွဲ့အစည်းများနှင့် ခေါင်းဆောင်ဟောင်း အိုမာအယ်လ် ဘာရှား(Omar al-Bashir) ကိုထောက်ခံသည့် အဖွဲ့အစည်းများ အပါအဝင် ပင်မနိုင်ငံရေး အင်အားစုများက ကန့်ကွက်သည်။

ဆူဒန်စစ်တပ် ခေါင်းဆောင် အဘ်ဒဲလ်-ဖာတတ် ဘာဟန်ကိုတွေ့ရစဉ် (AFP)

ကနဦး သဘောတူညီချက်တွင် ဝန်ကြီးချုပ်တစ်ဦးမှ ဦးဆောင်မည့် လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီတွင် စစ်တပ်၏ ပါဝင်မှုကို ကန့်သတ်ထားမည် ဖြစ်သည်။

သို့သော်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားရေးနှင့် လုံခြုံရေးကဏ္ဍပြောင်းလဲမှု အပါအဝင် ထိလွယ်ရှ လွယ်သော အကြောင်းအရာများနှင့်ပတ်သတ်၍ ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်သည်။

ယခု သဘောတူညီချက်တွင် စစ်တပ်အနေဖြင့် ဝန်ကြီးချုပ်သစ် လက်အောက်တွင် ပေါ်ပေါက်လာမည့် လုံခြုံရေး နှင့်ကာကွယ်ရေးကောင်စီ အသစ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေပေးရန်လည်း တောင်းဆိုထားသည်။

ဆူဒန် လက်နက်ကိုင် တပ်ဖွဲ့များကို စုစည်းရန်နှင့် စစ်တပ်ပိုင်ကုမ္ပဏီများအပေါ် ထိန်းချုပ်မှုများ လုပ်ဆောင်ရန် လည်း သဘောတူညီချက်တွင် တိုက်တွန်းထားသည်။

ဆူဒန်စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်နေကြစဉ်(GETTY IMAGES)

အဆိုပါ သဘောတူညီချက်အား ဆူဒန်နိုင်ငံကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်နှစ်ဦးဖြစ်သော အဘ်ဒဲလ်-ဖာတတ် ဘာဟန် (Abdel-Fattah Burhan)၊ မိုဟာမက် ဟမ်ဒန် ဒါဂါလို (Mohammed Mamdan Dagalo) တို့နှင့် နိုင်ငံ၏ အကြီးမားဆုံး ဒီမိုကရေစီ လိုလားသည့်အဖွဲ့ (Forces of Freedom and Change)မှ ခေါင်းဆောင်များက ခါတွန်ရှိ ရီပတ်ပလီကန် နန်းတော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် အထက်ပါ သဘောတူညီချက်ကို ဒီမိုကရေစီလိုလားသည့် Resistance Committee မှ ခေါင်းဆောင်များ က ဆန့်ကျင်ရန် တောင်းဆိုထားသည်။

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားရေးနှင့်လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် မည်သည့် သဘောတူညီမှု မျိုးတွင်မဆို အစပိုင်းကတည်းက ပါဝင်ရမည်ဟုလည်း ၎င်းတို့က ယုံကြည်ထားသည်။

သမ္မတနန်းတော်တွင် အသွင်ကူးပြောင်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှု မတိုင်ခင် ဆန္ဒပြသူများက ခါတွန်မြို့ရှိ ဧရိယာအနည်းဆုံး ၂ ခုခန့်၌ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

သို့သော် ယခုသဘောတူညီချက်ကို ကုလသမဂ္ဂ အပါအဝင် တခြားသော နိုင်ငံများက ကြိုဆိုခဲ့ကြသည်။ ဆူဒန် စစ်တပ်သည် အာဏာသိမ်းယူပြီးနောက် ဝန်ကြီးချုပ်သစ်ကို ခန့်အပ်ခဲ့ခြင်း မရှိခဲ့သောကြောင့် စစ်တပ်နှင့် Forces of Freedom and Change အဖွဲ့တို့အကြား အာဏာခွဲဝေရေး သဘောတူညီချက် ရရှိရန် ခက်ခဲခဲ့ရခြင်း ဖြစ်သည်။

Source: Al Jazeera