CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၂၃

တရုတ်သမ္မတတစ်ဖြစ်လဲ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးချုပ်တာဝန် နှင့်တရုတ်သမ္မတ တာဝန်တို့ကို ထမ်းဆောင်နေသည့် ရှီကျင့်ဖျင် (Xi Jinping)နှင့် ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev)တို့ တွေ့ဆုံ၍ ယူကရိန်းအရေး ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် ဒီမီထရီ မက်ဗီဒက်ဗ်သည် ညီညွတ်သောရုရှားပါတီ (United Russia) ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။

ရှီကျင့်ဖျင်နှင့် မက်ဗီဒက်ဗ်တို့သည် ဒီဇင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် နှစ်ဖက်စလုံးက နှစ်နိုင်ငံဆက်ဆံရေး အကြောင်းနှင့် ယူကရိန်း ပဋိပက္ခအပေါ် ဆွေးနွေးခဲ့ ကြသည်။

ရှီကျင့်ဖျင်နဲ့ မက်ဗီဒက်ဗ် တွေ့ဆုံ ဆွေးနွေးစဉ်

ထိုဆွေးနွေးမှုက ယူကရိန်းအရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုးတက်မှုများ ရှိလာစေရေး အကူအညီ ဖြစ်စေရန် မျှော်လင့်ထားသည်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲသည် နှစ်နိုင်ငံရေတပ်များ ပူးတွဲစစ်ရေး လေ့ကျင့်မှု ကျင်းပခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။

ထို လေ့ကျင့်မှုက နှစ်နိုင်ငံကြား အပြန်အလှန် ယုံကြည်မှုကို ထင်ဟပ်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ အတွက် အထောက်အကူ ဖြစ်စေနိုင်သည်ဟုလည်း လေ့လာသူများက သုံးသပ်ထားသည်။

မက်ဒီဗက်ဗ်နှင့် တွေ့ဆုံစဉ် သမ္မတရှီက “CPC နှင့်ရုရှား ပါတီတို့အကြား ကာလရှည် ဆက်ဆံရေးမှာ ပိုမို ကောင်းမွန်သော လမ်းကြောင်းတစ်ခု ဖြစ်လာပြီး နှစ်နိုင်ငံကြား နိုင်ငံရေးဆိုင်ရာ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ပေးသည့်အပြင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးကာ မဟာဗျူဟာမြောက် ညီညွှတ်မှုကို ဖော်ပြနေသည်”ဟု ပြောသည်။

နိုင်ငံတကာ ပြောင်းလဲမှုဆိုင်ရာ စမ်းသပ်မှုများ ရှိနေသော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်-ရုရှား ဆက်ဆံရေးမှာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ခေတ်သစ် တစ်ခုအတွက် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သိသာထင်ရှားသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တစ်ခု ဖော်ဆောင်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံအခြေအနေများအပေါ်တွင် အခြေခံကာ နှစ်ဖက်စလုံးမှ ရွေးချယ်ထားသော ကာလရှည် မဟာ ဗျူဟာမြောက် ဆက်ဆံရေး ဖြစ်သည်ဟု ရှီက ပြောခဲ့သည်။

ဇာလန်းစကီးနဲ့ ဘိုင်ဒန် တွေ့ဆုံစဉ် 

ညီညွတ်သော ရုရှားပါတီနှင့် CPC တို့ကြား ဆက်ဆံရေးမှာ တရုတ်-ရုရှား ဆက်ဆံရေးအတွက် အရေးပါသော အစိတ်ပိုင်းတစ်ခု ဖြစ်သည်ဟု မက်ဗီဒက်ဗ်က ပြောသည်။

ရုရှားပါတီအနေဖြင့် နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသော သဘောတူညီချက်များကို အပြည့်အဝ အကောင် အထည် ဖော်လိုကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် အပြန်အလှန် ပူးပေါင်း မှုများကို မြှင့်တင်ကာ ပြင်ပဖိအားများနှင့် မမျှတသော လုပ်ရပ်များကို ကြံ့ကြံ့ခံရင်း နှစ်နိုင်ငံဆက်ဆံရေးအား မြှင့် တင် သွားလိုသည်ဟု ပြောခဲ့သည်။

ယူကရိန်းအရေးနှင့် ပတ်သက်၍ ရှီက တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် မူဝါဒများအကြောင်းကို ပြောကြားခဲ့ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လုပ်ဆောင်သွားရန်လည်း တိုက်တွန်းခဲ့သည်။

Source: Global Times