CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၁၇

ယခုသီတင်းပတ်တွင် ကာဇက်စတန်နိုင်ငံသို့ လာရောက်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဂုဏ်ပြုတပ်ဖွဲ့ ကကြိုဆိုနေသည့်အချိန်တွင် ဘေဂျင်းအစိုးရကို တန်ပြန်စိန်ခေါ်မည့် နိုင်ငံရေးပါတီတစ်ရပ် ဖွဲ့စည်းရေးအတွက် လူအများကဝိုင်းဝန်းလက်မှတ်ထိုးကြရန် လက်ရှိကာဇက်စတန်တွင် နေထိုင်သူ ကုန်သည်တစ်ဦးက ကမကထပြု စီစဉ်နေကြောင်း သိရသည်။

အဆိုပါကုန်သည်မှာ ဘက်ဇက်မက်ဇက်ကန်နူလီ (Bekzat Maxutkanuly) ဟု သိရပြီး လွန်ခဲ့သော ၅ နှစ် ကတည်းက ကာဇက်စတန်နိုင်ငံတွင် အသေးစားအထည်လိပ်လုပ်ငန်း လုပ်ကိုင်နေသည်။ ၎င်းသည် နိုင်ငံရေး စိတ်ဝင်စားသူမဟုတ်သော်လည်း ၎င်း၏ဇာတိမြေဖြစ်သည့် တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသမှ နယ်စပ်ဖြတ်ကျော်၍ မှုခင်းနှိမ်နင်းရေး အရှိန်အဟုန်မြင့်လာမည်ကို စိုးရိမ်နေသည်။

“နိုင်ငံရေးမှာပါဖို့ ဘယ်တုန်းကမှ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ ရှင်ကျန်းရဲ့အခြေအနေဟာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်ပြီးတော့ ဒီပြဿနာဟာ တစ်နှစ် (ဒါမှမဟုတ်) နှစ်နှစ်လောက်နဲ့ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ကျနော်နားလည်လာတယ်ဗျ” ဟု အသက် ၄၆ နှစ်အရွယ်ရှိ တရုတ်နွယ်ဖွား ကာဇက်စတန် နိုင်ငံသားဖြစ်သူ မက်ဇက်ကန်နူလီက ပြောသည်။

ဘေဂျင်းဗဟိုအစိုးရသည် ၎င်း၏ပြည်နယ်အုပ်ချုပ်ရေးပိုင်းတွင် လှုပ်လှုပ်ခတ်ခတ် ရှိနေသည့်တိုင် မက်ဇက်ကန် နူလီ၏နိုင်ငံရေးနိုးကြားလာမှုမှာ ဝီဂါနှင့်ရှင်ကျန်းပြည်နယ်ရှိ မွတ်ဆလင်အုပ်စုများ တရုတ်ဖြိုခွင်းမှုကြောင့် အာရှ အလယ်ပိုင်းနိုင်ငံများသို့ လွင့်စဉ်သွားပုံကို ကောင်းစွာသဘောပေါက်စေခဲ့သည်။

ရှင်ကျန်းပြည်နယ်ထဲတွင် အဖမ်းအဆီးကြမ်းလာသည့်အခါ ထောင်နှင့်ချီသော ကာဇက်၊ ကာဂျစ်၊ ဉဇဘက်နှင့် အာရှအလယ်ပိုင်းနိုင်ငံများမှ အခြားလူမျိုးများကိုလည်း ဝီဂါမွတ်ဆလင်များနှင့်အတူ တရုတ်အာဏာပိုင်များက ပုံစံသွင်းစခန်းများနှင့် အကျဉ်းထောင်များထဲသို့ ပို့ဆောင်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ကာဇက်စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် စက်တင်ဘာ ၁၄ ရက်နေ့က ရောက်ရှိလာစဉ်(ဓါတ်ပုံ-ဆင်ဟွာ)

ပိတ်ဆို့ဖြိုခွင်းမှုများ ပြင်းထန်လာသဖြင့် ကာဇက်စတန်လူမျိုးများကို ဖြိုခွင်းမှုအတွင်း ရှောင်ရှားပေးပါရန် ကာဇက် စတန်အစိုးရကပင် ဘေဂျင်းကို တိုးလျှိုးတောင်းပန်ခဲ့ရသည်။ သို့သော် အများမြင်ကွင်းတွင်တော့ အာရှ အလယ်ပိုင်းနိုင်ငံများ၏အစိုးရများသည် ရှင်ကျန်း၌ တရုတ်၏ မူဝါဒါကို ရှုတ်ချခြင်း (သို့မဟုတ်) ထောက်ခံခြင်း တစုံတရာရပ်တည်ချက်ကို ကုလသမဂ္ဂ (UN) မဲခွဲဆုံးဖြတ်ရာတွင် ရှောင်ရှားနေခဲ့ကြသည်။

တရုတ်သည် ကာဇက်စတန်နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံထားပြီး ရထား လမ်းပိုင်းများနှင့် အဝေးပြေးကားလမ်းများ ဖောက်လုပ်ရန် ဒေါ်လာဘီလီယံနှင့်ချီ၍ ချေးငွေ ထုတ်ပေးထားသည်။

ယခုသီတင်းပတ်၌ ကာဇက်စတန်သမ္မတ ကက်ဆင်ဂျိုမတ်တိုကာယက်ဗ် (Kassym-Jomart Tokayev) သည် ရှီကျင့်ဖျင်ကို လေဆိပ်တွင် ကောဇောနီခင်း၍ တခမ်းတနားကြိုဆိုပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ ရှီကျင့်ဖျင်အား ဆက်ဆံမှုကြောင့် ၎င်း၏ခရီးစဉ်သည် ကာဇက်လူမျိုးများအတွက် အရှက်ရစေခဲ့ကြောင်း မက်ဇက်ကန်နူလီက ရှုတ်ချခဲ့သည်။

“အခုအချိန် သူ့အနေနဲ့ လာလည်ရမယ့်အချိန် မဟုတ်သေးဘူး” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

မက်ဇက်ကန်နူလီသည် တရုတ်နိုင်ငံ၊ အနောက်ပိုင်းရှိ ကာဇက်လူမျိုးများ စုဝေးနေထိုင်ရာ ကျေးရွာတစ်ရွာ၌ လယ်သမားမိသားစုမှ မွေးဖွားခဲ့သူဖြစ်ပြီး ရှင်ကျန်းပြည်နယ်၏မြို့တော်ရှိ ကောလိပ်တွင် ပညာသင်ကြားခဲ့ရသည်။

၁၉၉၀ ပြည့်လွန်နှစ်များ၏အကုန်ပိုင်းတွင် သူ့မိသားစုသည် ကာဇက်စတန်နိုင်ငံထဲသို့ ပြောင်းရွှေ့ခဲ့ကြပြီး တရုတ် သည် ၎င်းတို့အပေါ် နွေးထွေးခြင်းမရှိသော နိုင်ငံအဖြစ် မက်ဇက်ကန်နူလီက မှတ်ယူခဲ့သည်။

သူသည် ကျောင်းဆရာဘဝ၊ ဘာသာပြန်သူဘဝတို့ကို ဖြတ်သန်းခဲ့ပြီးနောက် ကုန်သည်အဖြစ် ဆယ်စုနှစ်များစွာ ပြောင်းလဲလုပ်ကိုင်လာခဲ့သည်။ မကြာသေးမီက ရှင်ကျန်းပြည်နယ်ရှိ သူငယ်ချင်းများနှင့် ဆွေမျိုးများထံသို့ တယ်လီဖုန်းခေါ်ဆိုခြင်း၊ စာတိုမတ်ဆေ့ချ်ပေးပို့ခြင်းများ ပိတ်ပင်ခြင်းခံရာမှ သူ၏နိုင်ငံရေးနိုးကြားမှု စတင် လာခဲ့တော့သည်။

Source: AP