CNI International News

ဘေဂျင်း၊ ဧပြီ ၂၇

တရုတ်အစိုးရအနေဖြင့် ယူကရိန်းနှင့် တခြားသော နိုင်ငံများသို့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ စေလွှတ်သွား မည်ဟု တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) က ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုန်း ပြောဆိုမှုတွင် ပြောခဲ့သည်ဟု အေပီသတင်း၌ ဖော်ပြထားသည်။

ယူကရိန်းနှင့် ရုရှားစစ်ပွဲတွင် တရုတ်အနေဖြင့် ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးလိုကြောင်း ပြောဆိုခဲ့ပြီး နောက် ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံပိုင် ရုပ်သံမှ ဖော်ပြသော အစိုးရ၏ ထုတ်ပြန်ချက်တွင် တရုတ် ကိုယ်စားလှယ် အဖွဲ့သည် ရုရှားသို့ သွားရောက်ခြင်း ရှိ/မရှိကိုတော့ မဖော်ပြထားပေ။

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်း ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာရန်အတွက် ဘက်ပေါင်းစုံကနေ နက်ရှိုင်း စွာ ပြောဆိုဆက်ဆံနိုင်စေရန် ဥရောပ-အာရှရေးရာ တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့တစ်ခုကို ယူကရိန်းနှင့် တခြားသော နိုင်ငံများသို့ စေလွှတ်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို ကြေညာချက်တွင် ရုရှားနိုင်ငံအကြောင်း သို့မဟုတ် ရုရှားသမ္မတ ပူတင်၏ ပြီးခဲ့သည့်နှစ်က ယူကရိန်းအား ကျူးကျော်စစ် ဆင်နွဲခဲ့သည့် အကြောင်း စသည်တို့ကိုတော့ ဖော်ပြထားခြင်း မရှိပေ။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ် 

နျူကလီးယားစစ်ပွဲတွင် အနိုင်ရရှိသူ မရှိဟူ၍လည်း ထိုကြေညာချက်တွင် သတိပေးထားသည်။

တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခတွင် ကြားနေနိုင်ငံ တစ်ခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းလျက် ရှိသော်လည်း ရုရှား၏ ကျူးကျော်မှုကို ဝေဖန်ရန် ငြင်းဆိုထားသည်။

နှစ်နိုင်ငံကြား ဆက်ဆံရေးသည် အကန့်အသတ် မရှိကြောင်းလည်း ယူကရိန်း ကျူးကျော်စစ် မတိုင်ခင် တရုတ်နှင့် ရုရှားသမ္မတများက ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ဖူးသည်။

တွေ့ဆုံ ဆွေးနွေးမှုသည်သာ ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်သည်ဟု ဇာလန်းစကီးနှင့် ဖုန်းပြောဆိုမှုတွင် ရှီက ပြောခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းတွင် ကိုးကားဖော်ပြသည်။

နျူကလီးယားစစ်ပွဲတွင် အနိုင်ရရှိသူ မရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး အနေဖြင့် နျူကလီးယား အရေး ကိုင်တွယ် ဆောင်ရွက်ရာ၌ တည်ငြိမ်ကာ ချုပ်တီးမှုရှိသင့်ကြောင်း၊ အနာဂတ်နှင့် ၎င်းတို့ ကိုယ်တိုင် အတွက် သာမက လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် ရှေးရှုကာ ယခုပဋိပက္ခကို ကိုင်တွယ် ဆောင်ရွက်ရန် အတူတကွ ပူးပေါင်း လုပ်ဆောင်သင့်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

Source: AP