CNI International Article

၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီ ၁

ရှီကျင့်ဖျင်သည် ၎င်း၏ သမိုင်းဝင် တတိယမြောက် သမ္မတသက်တမ်းကို အောက်တိုဘာလတွင် ရရှိခဲ့သည်။ ထို့ ကြောင့် ရှီသည် မော်စီတုန်း နောက်ပိုင်း တရုတ်နိုင်ငံ၏ အင်အားအကြီးဆုံး အုပ်ချုပ်သူဟုလည်း သတ်မှတ်ခြင်း ခံခဲ့ရသည်။

သို့သော် ထိုအခြေအနေက ရှီကျင့်ဖျင်အတွက် ခက်ခဲသော ၂၀၂၂ ခုနှစ်အတွင်း အနည်းငယ်သော အောင်မြင်မှု များမှ တစ်ခုဖြစ်သည်။ ရှီသည် ၂၀၂၂ ခုနှစ်အတွင်း ခက်ခဲမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုခက်ခဲမှုများစွာတွင် ပြည်သူများ၏ လမ်းပေါ်ထွက် ဆန္ဒပြမှု၊ Zero-COVID ပေါ်လစီကို ရုတ်တရက် ပြောင်းလဲမှု နှင့် နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ပြန်လည် မြင့်တက်လာမှုတို့ ပါဝင်နေသည်။

Zero-COVID မူဝါဒနှင့်ပတ်သက်၍ ပြည်သူများ၏ အမျက်ဒေါသ၊ နိုင်ငံ၏ စီးပွားရေး အခြေအနေအပေါ် ထို ပြဿနာ၏ သက်ရောက်မှုများက ရှီ၏ အာဏာရ ကွန်မြူနစ်ပါတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် နောက် ထပ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ရန်ကိစ္စကို မတားဆီးနိုင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်သည် အသက် ၆၉ နှစ် အရွယ် ခေါင်းဆောင်အတွက် ပြည်တွင်း/ပြည်ပ အခြေအနေ ဆိုးရွားမှုများကို ဖြစ်စေခဲ့သည်။

ရှီကျင့်ဖျင်ကို ဆန္ဒပြနေကြသူများကိုတွေ့ရစဉ်

၂၀၂၂ တွင် တရုတ်၏ စီးပွားရေးသည် ၃ ရာခိုင်နှုန်းနီးပါး တိုးတက်မည့် လမ်းကြောင်းပေါ်တွင် ရှိနေသော်လည်း ထို အခြေအနေက ပစ်မှတ်ထားသည့် ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုနှင့် အလှမ်းဝေးနေသည်။

ကိုဗစ်နှင့်ပတ်သက်သည့် ကန့်သတ်မှုများက စားသုံးမှုကို ထိခိုက်စေခဲ့သလို လုပ်ငန်းစဉ် တစ်ခုလုံးကိုလည်း အနှောင့်အယှက် ဖြစ်စေခဲ့သည်။ တစ်ဖက်တွင်လည်း ကြီးမားသည့် အိမ်ခြံမြေကဏ္ဍ ပြဿနာလည်း ရှိနေဆဲ ဖြစ်သည်။

ယိုယွင်းနေသော တရုတ်နှင့်အနောက်အုပ်စု၏ ဆက်ဆံရေး အခြေအနေကို ရုရှားနှင့်ပတ်သက်သည့် တရုတ်၏ အကန့်အသတ်မရှိသော မိတ်ဖက်မူဝါဒက ပိုမိုဆိုးရွားစေခဲ့သည်။ တစ်ဖက်တွင်လည်း ထိုင်ဝမ်အရေးနှင့် ပတ်သက် သည့် တင်းမာမှုများလည်း မြင့်တက်လာလျက်ရှိသည်။

ရှီသည် ကိုဗစ်ကာလ နောက်ပိုင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် စက်တင်ဘာ လတွင် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာလတွင် ၎င်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အင်ဒိုနီးရှား G20 အစည်း အဝေး၌ တွေ့ဆုံကာ မြဲမြံသော ဆက်ဆံရေး အခြေအနေ ရရှိရေး နှစ်ဖက်စလုံးက ကြိုးပမ်းခဲ့သည်။

သို့သော် အောက်တိုဘာလ နှောင်းပိုင်းမှ စတင်၍ နိုင်ငံတွင်းရှိ မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံးဟု သတ်မှတ်နိုင်သည့် ရှီ၏ ကိုဗစ် ၁၉ ဆိုင်ရာ ထိန်းချုပ်ရေး မူဝါဒများ အောက် တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ရပြီးနောက် ဒေါသထွက်နေသော ပြည်သူများက အစိုးရကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြ ခြင်း ဖြစ်သည်။

ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ်

၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ထိုသို့ ဆန့်ကျင်ဆန္ဒပြခံခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ဒီဇင်ဘာလ အစောပိုင်းတွင် ကိုဗစ်ထိန်းချုပ်မှု အများစုကို ဖြေလျော့ပေးမည်ဟု ရုတ်တရက် ထုတ်ပြန် ကြေညာခဲ့ရသည်။ ကာကွယ်ဆေး ထိုးနှံမှု နည်းပါးနေခြင်း၊ ရောဂါကူးစက်မှုနှုန်း ရုတ်တရက် မြင့်တက်လာခြင်း ကို ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်မှု မလုပ်ဆောင်ရသေးဟု တစ်ကမ္ဘာလုံးမှ ပညာရှင်များက သတိပေးမှုများ ရှိ သည့်တိုင် ဖြေလျော့မှုများ လုပ်ဆောင်မည်ဟု မျှော်လင့်မထားဘဲ ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံသည် ဆယ်စုနှစ် ပေါင်းများစွာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ အရေးပါသော အင်ဂျင်တစ်ခုအဖြစ် သာမက စက်မှုလုပ်ငန်းစဉ် တစ်ခုလုံး၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ကိုဗစ် အခြေနေများကြောင့် သို့မဟုတ် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့်ဖြစ်သော ကာလရှည် စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲ အသစ်များ ပေါ်ပေါက် လာမည် ဆိုလျှင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သက်ရောက်မှု ရှိလာမည်ဖြစ်သည်။

သမ္မတရှီ၏ နောက်တစ်ကြိမ် သမ္မတရာထူးကို ရယူလိုက်မှုက တရုတ်နိုင်ငံကို ပို၍ အာဏာရှင်ဆန်သော နိုင်ငံရေး လမ်းကြောင်း တစ်ခုပေါ်သို့ ရောက်ရှိသွားစေသည်။ ထို့ကြောင့် မူဝါဒပိုင်ဆိုင်ရာ လုပ်မှားကိုင်မှား ဖြစ်စေရန် အန္တရာယ်ကို ပို၍ မြင့်တက်လာစေသည်ဟု ဝေဖန်သူများက သတိပေးထားသည်။

အောက်တိုဘာလ ကွန်မြူနစ်ပါတီညီလာခံတွင် ရှီကို ရာထူး၌ ဆက်လက် ခန့်ထားရန် ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်ကမ္ဘာလုံးမှ ရင်းနှီးမြုပ်နှံသူများက တရုတ်ပိုင်ဆိုင်မှုများကို စွန့်ခွာခဲ့ကြပြီး ယမ်ငွေ တန်ဖိုး သည်လည်း ၁၅ နှစ်နီးပါးကာလအတွင်း အနိမ့်ဆုံးသို့ ထိုးဆင်းသွားခဲ့သည်။

ရှီကျင့်ဖျင်နဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

ရှီ၏ တတိယသက်တမ်းတွင် လုံခြုံရေး၊ အတွေးအမြင်စနစ်အပြင် နိုင်ငံတကာနှင့် တင်းမာမှုများက စီးပွားရေး တိုးတက်မှုအပေါ် အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေကြသည်။

ကွန်မြူနစ်ပါတီ ညီလာခံပြီးနောက် တရုတ်အစိုးရသည် zero-COVID မူဝါဒ ကဖြေလျော့ရန် ကြေညာခဲ့ပြီး လာ မည့် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၇ ထရီလီယံ တန်ကြေးရှိ စီးပွားရေးကို တည်ငြိမ်မှုရှိစေရန် အားစိုက် ဆောင်ရွက် သွားမည်ဟု ပြောခဲ့သည်။

ခုခံနိုင်စွမ်း နည်းပါးသည့် ထူထပ်သော လူဦးရေအတွင်း ရောဂါကူးစက်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်နေမှု အပေါ် စီမံခန့်ခွဲရေးက ရှီအတွက် အခက်ခဲဆုံး စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသည်။

၎င်းက ပြည်သူ့ကျန်းမာရေး ကဏ္ဍအပေါ်တွင် သာမက လူနေမှုဘဝ တည်ငြိမ်ရေးနှင့် တိုင်းပြည် စီးပွားရေးအပေါ် တစ်နည်းတစ်ဖုံ ပတ်သက် ဆက်နွယ်နေခြင်းကြောင့် ဖြစ်သည်။ လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော တရုတ်နိုင်ငံ တွင် လာမည့်နှစ်အတွင်း ကိုဗစ်နှင့်ဆက်စပ်နေသော ကိစ္စရပ်များကြောင့် လူသေဆုံးမှု ၁ သန်းကျော်ရှိလာ နိုင် သည်ဟု ပညာရှင်များက သတိပေးထားသည်။

လာမည့်မတ်လ နှစ်ပတ်လည် လွှတ်တော် အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ခေါင်းဆောင်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုများကို အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ရှီနှင့်နီးစပ်သော မဟာမိတ်တစ်ဦးဖြစ်သည့် ရှန်ဟိုင်းပါတီခေါင်းဆောင် လီကွီရန်သည် ဝန်ကြီးချုပ်သစ်အဖြစ် လီကားချန်း၏ နေရာကို အစားထိုးဝင် ရောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ဝန်ကြီးချုပ်သည် နိုင်ငံ၏ စိးပွားရေးနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများကို တာဝန်ယူရသည်။ တရုတ်၏ စီးပွားရေး ပြန်လည် ဖွင့်လှစ်မှုကြောင့် စီးပွားရေးတိုးတက်မှုမှာ ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်း အထိ မြင့်တက်လာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

လက်ရှိ စီးပွားရေးတိုး တက်မှုနှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည်ဟု အဆိုပါခန့်မှန်းချက်တွင် ပါဝင်သည်။

သံတမန်ရေး အခြေအနေများအရ ရှီ၏ အစိုးရသည် လာမည့်နှစ်တွင် အနောက်အုပ်စုနှင့် ဆက်ဆံရေးကို ထိခိုက် စေသော တင်းမာမှုများကို လျော့ကျရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်သမ္မတရှီသည် ဆော်ဒီ အာရေး ဗီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြင့် တရုတ်နိုင်ငံသည် အမေရိကန်ဦးဆောင်သော ဒုတိယကမ္ဘာစစ်လွန် နိုင်ငံရေး သမ္မာစဉ်တွင် ဘက်ညှိပေးသော နိုင်ငံတစ်ခုအဖြစ် ၎င်းတို့၏ အနေအထားကို ထုတ်ဖော်ပြသနိုင်ရန် ကြိုးစားသွား မည်ဟုလည်း ယူဆရသည်။