CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁

မြောက်အိုင်ယာလန်အသင်းနည်းပြ မိုက်ကယ်အိုနေးလ်က ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်မှာ ဖိအားတွေ အားလုံးက အီတလီအသင်း အပေါ်မှာရှိနေပြီး အသင်းအနေနဲ့ ရရှိလာမယ့် အခွင့်အရေးတွေကို မဖြုန်းတီးဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ 

မိုက်ကယ်အိုနေးလ်က “ကျနော်တို့ဟာ အီတလီအတွက် ပွဲကိုတတ်နိုင်သမျှ ခက်ခဲအောင် လုပ်မှာဖြစ်ပြီး သူတို့ဟာ ပွဲထဲကို ယူလာမယ့် မျှော်လင့်ချက်တွေကြောင့် သူတို့အတွက် ခက်ခဲပါလိမ့်မယ်။ ကမ္ဘာ့ဖလားကို သွားနိုင်ဖို့ အခွင့် အရေး ရှိတဲ့အတွက် ဒါကို ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားရမှာပါ။ ကျနော်ကတော့ အခွင့်အရေးတွေကို မဖြုန်းတီးဖို့ ကစားသမားတွေကို ပြောချင်ပါတယ်။ မျှော်လင့်ချက်တွေနဲ့ ဖိအားတွေက အီတလီအပေါ်မှာ အများကြီးရှိပြီး ဒါကို ကျနော်တို့ အသုံးချဖို့လိုတယ်”လို့ ပြောခဲ့ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပလေးအော့ဖ် ပွဲတွေအတွက် မဲခွဲခဲ့တာမှာ အီတလီအသင်းနဲ့ မြောက်အိုင်ယာလန် အသင်းတို့ တွေ့ဆုံနေတာပါ။ 

ဒီပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ဝေးလ်စ်နဲ့ ဘော့စနီးယားအသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားပြီး ကမ္ဘာ့ဖလား ဝင်ခွင့်တစ်နေရာ ရရှိမှာဖြစ်ပါတယ်။ 

အီတလီအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၄ ကြိမ်အထိ ရရှိထားပေမယ့် ဘရာဇီးလ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတာပါ။ 

 အီတလီအသင်းကို တွေ့ရစဉ်

မြောက်အိုင်ယာလန်အသင်းကတော့ ၁၉၈၆ က မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် မြောက်အိုင်ယာလန်အသင်းဟာ ပလေးအော့ဖ်ပွဲစဉ် ၂ ပွဲကို အနိုင်ယူပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတာပါ။

အီတလီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ပလေးအော့ဖ် အဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

မြောက်အိုင်ယာလန်အသင်းနည်းပြက အီတလီအသင်းမှာ ဖိအားရှိနေပြီး လက်ရှိ အီတလီအသင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အီတလီအသင်းလို ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်မှာ ကစားမယ့် အီတလီအသင်းနဲ့ မြောက်အိုင်ယာလန်အသင်းတို့ရဲ့ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို အီတလီနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: BBC