CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
အီတလီ အားကစားအကြီးအကဲတွေက အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းရဲ့ နေရာ အစားထိုး ဝင်ရောက်ပြီး ယှဉ်ပြိုင်ဖို့ စိတ်မဝင်စားကြောင်း ပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဖြစ်ပွားနေပေမယ့် အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်ထားခြင်း မရှိသလို အမေရိကန်နိုင်ငံမှာ ကစားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အီရန်အသင်းဟာ စီစဉ်ထားတဲ့အတိုင်း လော့စ်အိန်ဂျလိစ်နဲ့ ဆီတဲလ်မှာ သူတို့ရဲ့ အုပ်စုပွဲတွေကို ကစားမယ်လို့ ပြောထားပါတယ်။
အမေရိကန်အထူးသံတမန် ဇမ်ပိုလီက အီတလီအသင်းကို အီရန်အသင်းရဲ့ နေရာမှာ အစားထိုးပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်စေဖို့ ထရမ့်နဲ့ ဖီဖာအကြီးအကဲ အင်ဖန်တီနိုတို့ကို အကြံပြုထားကြောင်း Financial Times ကို အတည်ပြုခဲ့ပါတယ်။
အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ရင် အရေးပေါ် အစီအစဉ်တစ်ခု အနေနဲ့ ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်း လည်း ဇမ်ပိုလီက ပြောခဲ့တာပါ။

အီတလီအသင်းကို တွေ့ရစဉ်
ဇမ်ပိုလီရဲ့ အကြံပြုချက်နဲ့ ပတ်သက်ပြီး အီတလီ အားကစား အကြီးအကဲတွေက ပယ်ချခဲ့ပါတယ်။
အီတလီအားကစားဝန်ကြီး အဘိုဒီက ဒါက ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာမဟုတ်ဘဲ ခြေစစ်ပွဲက ကွင်းထဲမှာပါလို့ ပြောခဲ့ပါတယ်။
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်အတွက် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယားအသင်းကို အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာပါ။
အီရန်အစိုးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီရန်အမျိုးသားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတို့နဲ့ အုပ်စု G မှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN
