CNI International News

တီဟီရန်၊ ဒီဇင်ဘာ ၁

အီရန်လက်ရွေးစင်အသင်းကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုအပေါ် အောင်ပွဲခံနေသည့် အီရန်နိုင်ငံ မြောက်ပိုင်းမှ အမျိုးသားတစ်ဦးကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြသည်။

ထိုဖြစ်စဉ်မှာ အင်္ဂါနေ့ည ဘန်ဒါအန်ဇာလီမြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီရန်ဆာမတ်ဟုခေါ်သော အမျိုးသားက ၎င်း၏ကားဟွန်းကို တီးနေစဉ်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

ထွက်ပေါ်လာသောဗီဒီယိုမှတ်တမ်းများတွင်လည်း အီရန်နိုင်ငံတွင်းရှိမြို့များတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက လက်ရွေးစင်အသင်းကမ္ဘာ့ဖလားမှ ထွက်ခွာလာရမှုအပေါ် လမ်းပေါ်တက်အောင်ပွဲခံနေခြင်း များကိုလည်းမြင်တွေ့ခဲ့ရသည်။


အစ္စလာမ္မစ် အစိုးရအပေါ် ကိုယ်စားပြုသည်ဟု ရှုမြင်မှုကြောင့် အီရန်နိုင်ငံသားများစွာက ကာတာကမ္ဘာ့ဖလားတွင် လက်ရွေးစင်အသင်းကို အားပေးခဲ့ခြင်းမရှိပေ။ ပြည်တွင်းနှင့်ပြည်ပတို့မှ အဖွဲ့အစည်းများက ကစားသမားများကို မတရားသဖြင့်ဖိအားပေးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက အပြစ်တင်ထားပြီး အမေရိကန်အသင်းကို ရှုံးနိမ့်ပြီးချိန်တွင် ထိုသို့အပြစ်တင်ခဲ့ခြင်းဖြစ်သည်။ အီရန်ကစားသမားများကလည်း နိုင်ငံတွင်းဖြစ်ပေါ်နေသော ဆန္ဒပြမှုများနှင့် ပတ်သတ်၍ ဆန္ဒပြသူများဘက်တွင်ရှိနေကြောင်းကို အင်္ဂလန်နှင့်ပွဲစဉ်တွင် နိုင်ငံတော်သီချင်းကို မသီဆိုဘဲနေကာ ပြသခဲ့သည်။သို့သော် ဝေးလ်အသင်း၊ အမေရိကန်အသင်းတို့နှင့်ပွဲစဉ်များတွင် သီချင်းသီဆိုခဲ့ကြပြီး ထိုသို့ သီဆို ရခြင်းမှာ အာဏာပိုင်များ၏ဖိအားပေးမှုကြောင့်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။

အီရန်အသင်း ရှုံးနိမ့်ခဲ့မှုအပေါ် ကားတွန်းတီးပြီး အောင်ပွဲခံခဲ့သည့်အတွက် ပစ်သတ်ခံခဲ့ရသည့် မီရန်မာဆတ်(ဓါတ်ပုံ-Social Media)

အဆိုပါ အခြေအနေများကြောင့် အီရန်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ လှည့်ပြန်လာရမှုအပေါ် ပြည်သူများက အောင်ပွဲခံနေကြခြင်းဖြစ်သည်။ အောင်ပွဲခံမှုများအတွင်း ဆာမတ်ဟုခေါ်သည့် အသက် ၂၇ နှစ် အရွယ် အမျိုးသားသေဆုံးခဲ့ရပြီး ၎င်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါင်းကိုပစ်ခဲ့ခြင်းဖြစ်သည်ဟု တက်ကြွ လှုပ်ရှားသူများက ပြောသည်။ ဘီဘီစီမှ ရရှိခဲ့သော ဗီဒီယိုများအတွင်း ဆာမတ်၏ နာရေးအခမ်းအနားကို (ယမန်နေ့) ဗုဒ္ဓဟူးနေ့က ကျင်းပနေသည်ကို မြင်တွေ့ခဲ့ရကာ နာရေးပို့ဆောင်သူများ၏ ကြွေးကြော်သံများ ကိုလည်း ကြားရသည်။ လုံခြုံရေးတပ်ဖွဲ့ဘက်က ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်ခဲ့ခြင်းမရှိဟု ငြင်းဆို ထားသော်လည်း အတိုက်အခံများဘက်က ဆန္ဒပြသူများကို ပစ်ခတ်နေသည်ဆိုသည့် ဗီဒီယိုဖိုင်များကို ထုတ်ပြန် ထားသည်။

အီရန်နိုင်ငံမှမတည်ငြိမ်မှုများသည် လွန်ခဲ့သည့် သီတင်းပတ် ၁၀ ခုကျော်က စတင်ခဲ့သည်။ ၎င်းမှာ ခေါင်းဆောင်း ပုဝါ မဝတ်ဆင်မှုကြောင့် ဖမ်းဆီးခံရသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ရမှုမှ စတင် ခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များက ဆန္ဒပြမှုများကို ပြည်ပနိုင်ငံများ၏သွေးထိုးမှုဟု ရှုမြင်ဖြိုခွဲခဲ့ပြီး အနည်းဆုံး လူ ၄၅၀ နီးပါးသေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

Source:BBC