CNI International News

မက်ဒရစ်၊ ဒီဇင်ဘာ ၁

ယူကရိန်းသံအမတ်ထံ လိပ်မှုထားသည့် စာအိတ်ဗုံးပေါက်ကွဲမှုကြောင့် စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ယူကရိန်းသံရုံးမှ လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Channel News Asia သတင်းဌာနမှာ ဖော်ပြသည်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သံရုံးဝန်ထမ်းမှာ အသေးစားဒဏ်ရာ ရရှိခဲ့သော် လည်း ထိုဖြစ်စဉ်ကြောင့် ယူကရိန်းသံရုံးတိုင်းတွင် လုံခြုံရေးတင်းကြပ်ထားရန် အချက်ပြမှုကို ဖြစ်စေခဲ့သည်။

ပုံမှန်ဆက်သွယ်ရေးနည်းလမ်းဖြင့် ရောက်ရှိလာသော စာအိတ်ကို လုံခြုံရေးဝန်းထမ်းက သံရုံးဥယျာဉ်အတွင်း ဖွင့်ကြည့်စဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မက်ဒရစ်မြို့ရှိ ဗဟိုအစိုးရကိုယ်စားလှယ်ကပြောသည်။ ဒဏ်ရာ ရရှိခဲ့သောဝန်ထမ်းမှာ နေ့တွင်းချင်း ဆေးရုံမှဆင်းကာ အလုပ်ပြန်လုပ်နေပြီဖြစ်သည်ဟုလည်း ယူကရိန်းသံအမတ် ဆာဟီပိုဟိုရတ်ဆတ်ဗ်(Serhii Pohoreltsev)က ပြောသည်။

ယူကရိန်းသံရုံးရှေ့မြင်ကွင်း

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး သံအမတ်က စပိန်နိုင်ငံပိုင်သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ကာ ရုရှားနိုင်ငံ အပေါ် အပြစ်တင်သည့်သဘော ပြောဆိုခဲ့သည်။ သံအမတ်က “ရန်လိုတဲ့ တိုင်းပြည်က အကြမ်းဖက်နည်းလမ်း တွေအပေါ် ကျနော်တို့သတိပြုမိထားပါတယ်။ ရုရှားဘက်က နည်းလမ်းတွေ၊ တိုက်ခိုက်မှုတွေဟာ ကျနော်တို့ အနေနဲ့ ဘယ်လိုဖြစ်ရပ်မျိုး၊ ရန်စမှုမျိုး၊ တိုက်ခိုက်မှုမျိုးကိုမဆို အဆင်သင့်ပြင်ဆင်ထားဖို့ လိုအပ်နေတယ်လို့ ပြနေပါတယ်” ဟုလည်း ဆာဟီပိုဟိုရတ်ဆတ်ဗ်က ပြောသည်။

သံရုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ နေ့လည် ၁ နာရီခန့်တွင်သတင်းရှိခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့ဘက်မှ ထုတ်ပြန် ထားသည်။ ထိုဖြစ်ရပ်နှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုများစတင်နေကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါဝင်သော်လည်း အသေးစိတ်ကိုတော့ ရှင်းလင်းထားခြင်းမရှိပေ။ ပေါက်ကွဲမှုဖြစ်ပွားရာ ယူကရိန်းသံရုံးသည် မက်ဒရစ်မြို့မြောက်ပိုင်း လူနေထူထပ်ရာအရပ်တွင် တည်ရှိသော်လည်း အသေးစားပေါက်ကွဲမှုတစ်ခုသာဖြစ်ကြောင်း သံရုံးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ယူကရိန်းသံရုံးရှေ့ အစောင့်အကြပ်များကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)


စာအိတ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယူကရိန်းသံရုံးတိုင်းတွင် လုံခြုံရေးတင်းကြပ်ထားရန် နိုင်ငံခြားရေးဝန်ကြီး က အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဌာန၏ပြောခွင့်ရပုဂ္ဂိုလ်က လူမှုကွန်ယက်တွင်ပြောကြားခဲသည်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး စပိန်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းသံရုံးဘက်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်အားပေးခဲ့သည်ဟု လည်း စပိန်နိုင်ငံခြားရေးဌာနက ဖော်ပြသည်။

Source:ChannelNewsAsia