CNI International News

ဒမတ်စကပ်၊ ဒီဇင်ဘာ ၁

အဖွဲ့ခေါင်းဆောင်ဖြစ်သူ အဘူအယ်လ်ဟက်ဆန် အယ်လ်-ဟာရှီမီ အယ်လ်ကွီရေရှီ(Abu al-Hassan al-Hashemi al-Qurayshi) သေဆုံးသွားခဲ့ပြီ ဟု IS အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

“ဘုရားသခင်၏ ရန်သူတော်များ” ဟု ဆိုသည့် တိုက်ပွဲအတွင်း ခေါင်းဆောင်ကျဆုံးခဲ့ပြီဟု အဖွဲ့၏ပြောခွင့်ရ ပုဂ္ဂိုလ်က အသံဖိုင်တစ်ခုတွင် ထုတ်ပြန်ခဲ့သော်လည်း အတိအကျကို ဖော်ပြထားခြင်းမရှိပေ။

IS ခေါင်းဆောင်သည် အောက်တိုဘာလလယ်ပိုင်းတွင် ဆီးရီးယား အနောက်-တောင်ဘက် စစ်ဆင်ရေးတစ်ခု၌ ဆီးရီးယားလွတ်မြောက်ရေး တပ်မတော်ဟုခေါ်သည့် လက်နက်ကိုင်အဖွဲ့လက်ချက်ကြောင့် သေဆုံးခဲ့ရကြောင်း အမေရိကန်ဘက်က ထုတ်ပြန်ခဲ့သည်။ သေဆုံးခဲ့သူ အဘူအယ်လ်ဟက်ဆန် အယ်လ်-ဟာရှီမီ အယ်လ်ကွီရေရှီ သည် မတ်လကမှ အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့သူဖြစ်သည်။ ၎င်း၏အရင်ခေါင်းဆောင်ဖြစ်သူသည် ဆီးရီးယား အနောက်-မြောက်ဘက်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ၏ စီးနင်းမှုတစ်ခုတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ သည်။

IS အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က သေဆုံးခဲ့သည့် ခေါင်းဆောင်နေရာတွင် အစားထိုးမည့် ခေါင်းဆောင်သစ်ကိုပါ တစ်ပါတည်း ကြေညာခဲ့သော်လည် ခေါင်းဆောင်သစ်၏ အမည်အပါအဝင် မည်သည့် နိုင်ငံသား သို့မဟုတ် မည်သည့်နောက်ခံသမိုင်းကြောင်းရှိသည်ကိုတော့ ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

အီရတ်ရှိ IS တိုက်ခိုက်ရေးသမားများကို တွေ့ရစဉ်(ဓါတ်ပုံ-credit)

ပြောခွင့်ရပုဂ္ဂိုလ်က သေဆုံးခဲ့သည့်ခေါင်းဆောင်ဟောင်းမှာ မူဂျာဟစ်ဒင် စစ်သားဟောင်းတစ်ဦးဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ၎င်းအပေါ် သစ္စာစောင့်သိကြရန်လည်း ထောက်ခံသူများကို တိုက်တွန်းခဲ့သည်။ သေဆုံးခဲ့သူ အဘူ အယ်လ်ဟက်ဆန်သည် IS ခေါင်းဆောင်တစ်ဦးအနေဖြင့်ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသူမဟုတ်သည့်အတွက် ၎င်းနှင့်ပတ်သတ်ပြီး များများစားစားမသိရပေ။ အဘူအယ်လ်ဟက်ဆန်သည်ယခင်ကတည်းက သေဆုံးခဲ့ခြင်း ဖြစ်သည်ဟုလည်း သတင်းဌာနတစ်ခုက ထုတ်ပြန်ခဲ့သည်။ IS အဖွဲ့နှင့်ပြိုင်ဘက် အယ်လ်ကိုင်းဒါးအဖွဲ့ကို ထောက်ခံသည့် သတင်းချန်နယ်တစ်ခုက တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဘူအယ်လ်ဟက်ဆန်ကို ဆီးရီးယား အနောက်တောင်ဘက် ဒီရားပြည်နယ်တွင် ဆီးရီးယားလွတ်မြောက်ရေး တပ်မတော်မှ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်ဘက်က ထုတ်ပြန်ထားခဲ့သည်။ အဆိုပါအဖွဲ့သည် ဆီးရီးယား ပြည်တွင်းစစ်အတွင်းအာဆတ်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းနေသည့် သူပုန် တပ်ပေါင်းစုလည်း ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးတွင် အမေရိကန်အနေဖြင့် ပါဝင်ပတ်သတ်ခဲ့ခြင်းမရှိဟု ကြေညာခဲ့ပြီး အဘူအယ်လ်ဟက်ဆန် သေဆုံးခဲ့မှုအပေါ် ကြိုဆိုသည်ဟု အမေရိကန်လုံခြုံရေးကောင်စီ မှပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြောသည်။

IS အဖွဲ့သည် တစ်ချိန်က အီရတ်အရှေ့ပိုင်းမှ ဆီးရီးယား အနောက်ပိုင်းအထိ စတုရန်းကီလိုမီတာ ၈၈၀၀၀ (စတုရန်းမိုင် ၃၄၀၀၀) ခန့်ကို ထိန်းချုပ်နိုင်ခဲ့ပြီး လူပေါင်း ၈ သန်းခန့်ကို လူမဆန်စွာ အုပ်ချုပ်ခဲ့သည်။ ယင်းတို့၏ နောက်ဆုံးထိန်းချုပ်ရာနယ်မြေကို ၂၀၁၉ ခုနှစ်ကတည်းက ရှင်းလင်းနိုင်ခဲ့သော်လည်း IS အဖွဲ့သည် စိုးရိမ်စရာ ခြိမ်းခြောက်မှုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဇူလိုင်လတွင် ထုတ်ပြန်သတိပေးခဲ့သည်။

Source:BBC