CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

မလေးရှားတွင် အစိုးရသစ် မဖွဲ့နိုင်သေး၍ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြား အဖမ်းခံနေရဆဲ ဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မလေးရှား၌ ဝန်ကြီးချုပ်အသစ်ကိုသာ ရွေးချယ်ရသေးကြောင်း၊ ထို့ကြောင့် မလေးရှား လ.ဝ.က အနေဖြင့် ၎င်း၏ လုပ်ထုံးလုပ်နည်းအရ တရားမဝင် အထောက်အထားမဲ့များအား ဆက်လက် ဖမ်းဆီးနေဦးဖြစ် ကြောင်း၊ အစိုးရသစ် ဖွဲ့ပြီးချိန်တွင်မူ အဖမ်းအဆီးမှာ အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲသွားနိုင်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “လောလောဆယ် ရပ်တန့်မှုတော့ မရှိသေးဘူးပေါ့။ တစ်ခါတစ်ခါ အဖမ်းခံရင် ရာနဲ့ရှိတာ။ အခုဆိုရင် ထောင်တွေထဲမှာ မဆန့်လို့ ဟိုးနယ်စပ်တွေမှာ။ ဒီဝန်ကြီးချုပ် တစ်ယောက်တည်းနဲ့ သူကလည်း ဘာမှ ဆုံးဖြတ်ချက် လုပ်လို့မရတဲ့ အနေအထားမျိုးမှာ အရင်က မူအတိုင်းပဲ အရင်က လုပ်ထုံးလုပ်နည်း အတိုင်းပဲ သူတို့ ဆက်သွားနေတုန်းပါပဲ။ အဲဒီအတွက် စောင့်ရမယ်ဆိုရင် တော့ တစ်လလောက်ဆိုရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့။ အဓိက ပစ်မှတ်ရယ်လို့တော့ မရှိဘူး။ အလုပ်ရုံတွေမှာ ဝင်ဖမ်းတာရှိသလို အိမ်တွေမှာလည်း ဝင်ဖမ်းတာ ရှိတာပဲ။ လက်ရှိ မလေးရှား အခြေအနေက လောလောဆယ် ဝန်ကြီးချုပ်ပဲ ရွေးချယ် တင်မြှောက်ထားတာပဲ ရှိသေးတယ်။ သူ့ရဲ့ အစိုးရ အဖွဲ့ အစည်းကို ရွေးချယ်တင်မြှောက်ထားတာ မရှိသေးဘူး။ ဘယ်သူက ဘယ်ဝန်ကြီး၊ ဘယ်သူက ဘယ်ဌာနက ဝန်ကြီး ဆိုတာ သူတို့ တင်မြှောက်ထားတာ မရှိသေးဘူး။ လောလောဆယ် ဝန်ကြီးချုပ် တစ်ယောက်ပဲ ရှိနေသေးတဲ့ အနေ အထားမျိုးမှာ ပြောင်းလဲမှု ကြီးကြီးကျယ်ကျယ်ဆိုတာ မရှိသေးဘူးပေါ့။ ဥပဒေကတော့ အရင်ဥပဒေအတိုင်းပဲ ဆက် သွားနေတာပေါ့။ သတင်းထဲမှာ ကြားတာကတော့ ဒီတပတ် အတောအတွင်း လောက်မှာပဲ သူတို့ တခြား အစိုးရ အဖွဲ့တွေကို အခြားဝန်ကြီးတွေကို ခန့်အပ်မယ်လို့တော့ သူတို့ ကြေညာထားတာပဲ။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက်လဲ ဆိုတာကတော့ သူတို့ အတိအကျ မပြောသေးဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားဝန်ကြီးချုပ်အသစ် Anwar Ibrahim(အန်ဝါအီဘရာဟင်)ကိုတွေ့ရစဉ်

လက်ရှိ အဖမ်းအဆီး များပြားနေမှုသည် အစိုးရသစ် ဖွဲ့စည်းပြီးချိန်ကာလ ယခုနှစ်ကုန်ပိုင်းနှင့် လာမည့် ၂၀၂၃ ခုနှစ်ခန့်တွင် ပုံမှန်အတိုင်း စစ်ဆေးမှုမျိုးသာ ပြုလုပ်သွားနိုင်ခြေရှိကြောင်း မလေးရှား၌ မြန်မာများအရေး ကူညီ ဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

ထို့ကြောင့် မလေးရှားနိုင်ငံတွင် နေထိုင် အလုပ်လုပ် ကိုင်လျက်ရှိသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာ များအနေဖြင့် ထိုကာလ အပိုင်းအခြားသို့ မရောက်ခင် ယခုကာလ၌ အထူးသတိထား နေထိုင်ကြရန် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက ပြောသည်။

၎င်းက “ဒီကာလကတော့ သူ့နိုင်ငံရဲ့ ရွေးကောက်ပွဲပြီးကာစ နိုင်ငံရေး အချိန်းအပြောင်း လုပ်နေတဲ့အချိန်ဆိုတော့ နိုင်ငံခြားသားတွေကတော့ အသွားအလာ အနေအထိုင်ကတော့ အမြဲသတိထားရတာပဲလေ။ သူ့နိုင်ငံသားတွေ လည်း အသွားအလာ သတိထားပြီးနေရတဲ့ အချိန်ဆိုတော့ ကျနော်တို့ နိုင်ငံသားတွေက ပိုဆိုးတာပေါ့။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သိပ်ပြီးတော့ ဆူဆူညံညံ မလုပ်ဖို့ပေါ့။ သူတို့သတ်မှတ်ထားတဲ့ နေရာတွေ မသွားဖို့။ ဒီကာလမှာ တော့ တရားမဝင် နေထိုင်တဲ့ အထောက်အထားမဲ့တွေ အကောင်းဆုံးကတော့ အသွားအလာ လုံးဝ ဆင်ခြင်တာ ကောင်းတယ်။ လူစည်ကားတဲ့ နေရာတွေ၊ ရထားဂိတ်တွေ၊ ကားဂိတ်တွေ အဲဒါမျိုးတွေ ပေါ့နော်။ နောက်ပြီးတော့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သူ့နိုင်ငံသားတွေ များများစားစား ရှိတဲ့နေရာမျိုးဆို ပိုပြီးတော့ ဆင်ခြင်ရတယ်။ ပြော ချင်တာကတော့ အထောက်အထားမဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ကတော့ ကိုယ့်နေရာမှာပဲ သိုသိုသိပ်သိပ် နေပြီးတော့ လူစည်ကားတဲ့ အရပ်တွေကို မသွားတာ အကောင်းဆုံးပဲ အခုချိန်က ဆင်ခြင်တုံတရားပဲ။ မိသွားရင် တော့ အဆင်မပြေဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးထားစဉ်

လက်ရှိတွင် မလေးရှားဝန်ကြီးချုပ်အသစ် Anwar Ibrahim(အန်ဝါအီဘရာဟင်) တက်လာသည့် ရက်ပိုင်းအတွင်း မလေးရှား ရင်းဂစ်ငွေတန်ဖိုး အနည်းငယ် တက်လာသဖြင့် မလေးရှား၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာများ အတွက် ကောင်းမွန်ကြောင်း မလေးရှားမှာ မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက ပြောသည်။

ထို့အပြင် ယခုဝန်ကြီးချုပ် အသစ်သည် အလုပ်သမား အရေးနှင့်ပတ်သက်၍ အကောင်းဆုံး လုပ်ဆောင်သွား လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

ဦးဘာဘူကြီးက “ဒီဝန်ကြီးချုပ်အသစ်က သူကလည်း ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် တိုက်ပွဲဝင်လာတာ ကြာပြီလို့ ပဲ ပြောရမှာပေါ့။ သူ့ဘက်မှာလည်း ဒီလုပ်ငန်းရှင်တွေ တော်တော်များများက ပါနေတော့။ အဓိကက တရုတ်လို့ပဲ ပြောရမှာပေါ့။ တရုတ်လုပ်ငန်းရှင်တွေ တော်တော်များများ ပါနေတော့ ဒီလုပ်ငန်းပိုင်း အလုပ်သမား ရေးရာမှာ တော့ သူ ဖိဖိစည်းစည်း လုပ်သွားမယ်လို့တော့ ကျနော်ထင်တာပဲပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားနိုင်ငံတွင် အစိုးရသစ် တက်လာတိုင်း တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားသားများနှင့်ပတ်သက်၍ အထောက်အထားကတ်ကဲ့သို့ တစ်စုံတစ်ခု လုပ်ပေးနေကြဖြစ်သည့်အတွက် ယခု ဝန်ကြီးချုပ်အသစ် လက်ထက် တွင်လည်း တရားမဝင် အထောက်အထားမဲ့များအား နေထိုင်ခွင့် ထုတ်ပေးရန် မလေးရှား၌ မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများ အပါအဝင် တရားမဝင် မြန်မာများက မျှော်လင့်နေကြသည်။