CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ပြီးတော့ သူ့နေရာမှာ ယူကရိန်း နဲ့ အစားထိုးသင့်တယ်လို့ ရှက်တာဒိုးနက်စီအီးအို ပယ်လ်ကင်က ပြောလိုက်ပါတယ်။

ပယ်လ်ကင်က “ အီရန်ခေါင်းဆောင်တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့နိုင်ငံအသင်း ကစားတာကို ပျော်ရွှင်စွာ ကြည့်နေချိန်မှာ ယူကရိန်းနိုင်ငံသားတွေကတော့ အီရန်မောင်းသူမဲ့ လေယာဉ်တွေ၊ အီရန်ဒုံးကျည် တွေကြောင့် သေဆုံးနေကြပြီ”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ရုရှားကို အီရန်က အကူအညီပေးမှာနဲ့ ပတ်သက်ပြီး ပယ်လ်ကင်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်နေရာ ယူကရိန်းနဲ့ အစားထိုးဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ပလေးအော့ဖ် ပွဲစဉ်အဖြစ် ဝေးလ်စ်အသင်းနဲ့ ကစားခဲ့တာမှာ အရေး နိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခြင်း မရှိခဲ့ပါဘူး။

အီရန်အသင်းကိုတွေ့ရစဉ် (Goal)

အနိုင်ရခဲ့တဲ့ ဝေးလ်စ်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု B မှာ အင်္ဂလန်၊ အမေရိကန်၊ အီရန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။ ပယ်လ်ကင်ကတော့ ယူကရိန်းနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အီရန်နိုင်ငံက တိုက်ရိုက် ပါဝင်နေလို့ သူတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ပိတ်ပင်ဖို့ ဖီဖာကို တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က ရက်သတ္တပတ်တွေမှာလည်း အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။

အမျိုးသမီးလူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Open Stadiums နဲ့ နောက်ထပ် အဖွဲ့အစည်း တစ်ခုက ဒေသတွင်း ပြိုင်ပွဲတွေမှာ အမျိုးသမီးတွေကို တက်ရောက်ကြည့်ရှုခွင့် ကန့်သတ်ထားလို့ အီရန်လက်ရွေးစင်အသင်းကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ဖီဖာထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဖီဖာကတော့ ဒီလိုတောင်းဆိုမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ အီရန်အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန