CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

ပြင်သစ်လူမျိုးနည်းပြ ဇီဒန်းက နည်းပြလောကထဲကို မကြာခင်ပြန်လည်ဝင်ရောက်တော့မယ်လို့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေထွက်ပေါ်ချိန်မှာ အရိပ်အမြွက်ပြောလိုက်ပါတယ်။

ဇီဒန်းက “မကြာခင် ကျနော်ပြန်လာမှာပါ။ခဏလေးပဲစောင့်ပါ။သိပ်မကြာတော့ပါဘူး။နည်းပြရာထူး ပြန်ရယူဖို့ သိပ်မဝေးတော့ပါဘူး” လို့ RMC Sport ကို ပြောခဲ့တာပါ။ဇီဒန်းဟာ ရီးရယ်လ်အသင်းကို နောက်ဆုံးကိုင်တွယ်ပြီး ၂၀၂၁ မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်း ဇီဒန်းဟာ အသင်းကြီးတချို့နဲ့ သတင်း တွေထွက်ခဲ့ပေမယ့် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ပါဘူး။

ဇီဒန်းဟာ ရီးရယ်လ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်တဲ့အချိန်မှာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဇီဒန်းဟာ ၂၀၁၆ ကနေ ၂၀၁၈ အထိ ကိုင်တွယ်အပြီးမှာ ရီးရယ်လ်အသင်းက ထွက်ခွာသွားခဲ့ပေမယ့် ၂၀၁၉ မှာ ဒုတိအကြိမ်ပြန်တာဝန်ယူခဲ့ပြီး ၂၀၂၁ အထိ ကိုင်တွယ်ခဲ့တာပါ။သူဟာ ဒုတိယအကြိမ်ကိုင်တွယ်ချိန်မှာ ဥရောပဖလားမှာ အောင်မြင်မှုမရခဲ့ပေမယ့် လိဂ်ဖလားတော့ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဇီဒန်းဟာ နည်းပြဘဝမှာ ရီးရယ်လ်အသင်းကြီးနဲ့ ရီးရယ်လ်ဘီအသင်းဖြစ်တဲ့ ကတ်စတီလာအသင်းတို့ကိုသာ ကိုင်တွယ်ထားခဲ့တာပါ။ဒီအသင်းတွေမှာ ဇီဒန်းဟာ ပွဲပေါင်း ၃၂၀ ကိုင်တွယ်ခဲ့ရာမှာ ပွဲပေါင်း ၂၀၀ အနိုင်ရပြီး ၇၀ သရေကျပြီး ၅၀ က အရေးနိမ့်ခဲ့ကာ အနိုင်ရာခိုင်နှုန်း ၆၂.၅၀ ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။ဇီဒန်းဟာ ရီးရယ်လ်အသင်းနဲ့အတူ ဆုဖလားပေါင်း ၁၁ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့လည်း ရည်မှန်းထားတာကြောင့် အနာဂတ်လက်ရွေးစင် အသင်းနည်းပြအဖြစ် ထင်ကြေးပေးခံနေရတာဖြစ်ပါတယ်။လက်ရှိပြင်သစ်အသင်းကို ဒက်ချမ့်ပ်စ်က နည်းပြအဖြစ် ကိုင်တွယ်နေပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဇီဒန်းက သူ့နေရာကို ဝင်ရောက်နိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။

Source:Goal