CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

ပီအက်စ်ဂျီအသင်းနည်းပြ ဂယ်လ်တီယာက အသင်းရဲ့ အဓိကတိုက်စစ်မှူး ၃ ဦးဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ရဲ့ နည်းပြဖြစ်ခွင့်ရတာ သူ့အတွက် ကံကောင်းပြီး သုခဘုံပဲလို့ မက္ကာဘီဟိုင်ဖာအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

ဂယ်လ်တီယာက “ကစားသမားတွေ ပျော်ရွှင်နေရတာကို မြင်ခဲ့ရပြီး ဒါက အရေးကြီးပါတယ်။ကျနော်တို့ ရှေ့တန်း ကစားသမား ၃ ဦးရဲ့ အကောင်းဆုံးပုံစံတွေကို ထုတ်ပြနိုင်ဖို့ စဉ်းစားခဲ့ရပြီး စနစ်က အလွန်အရေးကြီးပါတယ်။ သူတို့နဲ့ လေ့ကျင့်ရတာ အလွန်ပျော်ဖို့ ကောင်းပြီး သူတို့ ကစားနေတာကိုလည်း နေ့တိုင်းမြင်တွေ့ရပါတယ်။ နည်းပြတစ်ဦးအတွက်တော့ ဒါဟာ သုခဘုံပါပဲ” လို့ ပြောခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ မက္ကာဘီဟိုင်ဖာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ၇ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ မက်ဆီနဲ့ ဘတ်ပီက ၂ ဂိုးစီသွင်းယူခဲ့သလို ၂ ဂိုးစီ ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီး နေမာက ၁ ဂိုးသွင်းယူခဲ့တာပါ။ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက် ရောက်သွားပြီလည်း ဖြစ်ပါတယ်။ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၂၉ ဂိုးအထိ ရရှိသွားခဲ့ တာပါ။

ဒါ့အပြင် မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၁ ဂိုးသွင်းယူထားပြီး ၁၂ ဂိုးဖန်တီးထားတာကြောင့် ဥရောပထိပ်တန်း ၅ လိဂ်မှာ ၁၀ ဂိုးနဲ့အထက် ဂိုးသွင်း၊ ဂိုးဖန်တီးနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ ၃ ဦးစလုံးဟာ မက္ကာဘီဟိုင်ဖာနဲ့ တွေ့ဆုံခဲ့တဲ့ စက်တင်ဘာလကလည်း ဂိုးသွင်း နိုင်ခဲ့သလို ဒီပွဲမှာလည်း ၃ ဦးစလုံးဂိုးသွင်းယူနိုင်ခဲ့ကြတာပါ။ဒီရာသီမှာ ပီအက်စ်ဂျီအတွက် သူတို့ ၃ ဦးပေါင်း သွင်းဂိုး ၄၀ အထိ သွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

“သူတို့ဟာ တခြားသူတွေ မလုပ်နိုင်တဲ့အရာတွေကို လုပ်ဆောင်တာကြောင့် ကျနော်တို့ အားလုံး နှစ်သက် သဘောကျပါတယ်။တကယ်ကို အထူးအခွင့်အရေးပါပဲ” လို့ ပီအက်စ်ဂျီအသင်း ကွင်းလယ်ကစားသမား ဗီတင်ဟာ က ပြောခဲ့တာပါ။

ဒီရာသီ လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိဖြတ်သန်းနေတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ်လီဂူးဝမ်း ပွဲစဉ်အဖြစ် ထရိုယက်စ်အသင်းနဲ့ ကစားမှာဖြစ်ပြီး ဒီပွဲပြီးရင် ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ChannelNewsAsia