CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂

နေမာက ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ မက်ဆီကို မနာလိုဖြစ်ခဲ့တယ်လို့ ပြောခဲ့တဲ့အပေါ် ဘတ်ပီကတော့ သူဟာ ရီးရယ်လ်အသင်းအတွက်သာ အာရုံစိုက်နေတယ်လို့ ပြောပြီးတုန့်ပြန်ခဲ့ပါတယ်။ 

ဘတ်ပီက “ရိုးရိုးသားသား ပြောရရင် ကျနော့်မှာ ပြောစရာမရှိပါဘူး။ ကျနော်ဟာ မက်ဒရစ်မှာ လုပ်နေတဲ့ အရာတွေကိုပဲ အာရုံစိုက်နေပါတယ်။ ကျနော်ဟာ နေမာကို အလွန်လေးစားပါတယ်။ ကျနော်သူ့အကြောင်းကို အများကြီး ပြောနိုင်ပေမယ့် သူဟာ ဘောလုံးသမိုင်းမှာ ထူးခြားတဲ့ ကစားသမားဖြစ်သလို ပဲရစ်မှာ အတူရှိတဲ့ အခိုက်အတန့်တွေလိုမျိုး သူ့အကြောင်းကို ကောင်းတဲ့အရာတွေပဲ မှတ်မိချင်ပါတယ်”လို့ TNT Sport ကို ပြောခဲ့တာပါ။ 

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ နေမာနဲ့ အရင်ဆုံး တွဲကစားခဲ့ပြီး မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ ပြင်သစ်ကလပ်ထံ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

နေမာဟာ ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့အတူ တွဲကစားခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းမှာ ထပ်မံတွဲကစားချိန် အရင်းနှီးဆုံးဖြစ်ခဲ့တာပါ။

အဲဒါကြောင့် မက်ဆီ ရောက်ရှိလာတဲ့အပေါ် ဘတ်ပီ မနာလိုဖြစ်ခဲ့တယ်လို့ နေမာက ရိုမာရီယိုနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

မက်ဆီ၊ နေမာ၊ ဘတ်ပီကို တွေ့ရစဉ်

နေမာက “မက်ဆီ ရောက်ရှိလာချိန်မှာ ဘတ်ပီ အနည်းငယ် မနာလိုဖြစ်မိတယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ ကျနော့်ကို ဘယ်သူနဲ့မှ မမျှဝေချင်ခဲ့ဘဲ နောက်ပိုင်းမှာ အဆင်မပြေမှုတွေဖြစ်ခဲ့ပြီး အမူအကျင့်တွေ ပြောင်းသွားခဲ့ ပါတယ်။ ကျနော်ဟာ သူ့ကို အမြဲတမ်း စကားပြောဆိုခဲ့ပြီး နောက်ပြောင်မှုတွေလည်း ရှိခဲ့ပါတယ်။ သူဟာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာမယ့်သူပါ”လို့ ပြောခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ ၃ ဦးရဲ့ တွဲဖက်မှုနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်လာခဲ့ခြင်းမရှိပါဘူး။ 

အဲဒါကြောင့် မက်ဆီနဲ့ နေမာတို့ဟာ ပီအက်စ်ဂျီအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။ 

လက်ရှိအချိန်မှာ သူတို့ ၃ ဦးစလုံးဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခဲ့ပြီး ဘတ်ပီက ရီးရယ်လ်အသင်း၊ မက်ဆီက အင်တာမိုင်ယာမီအသင်းနဲ့ နေမာက အယ်လ်ဟီလယ်အသင်းတို့မှာ ကစားနေကြတာဖြစ်ပါတယ်။ 

Source: besoccer