CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဘင်ဖီကာအသင်းကို အရှုံးကနေ ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိအောင် ကစားနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ချီးကျူးသွားခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ဒီပွဲက ရူးသွပ်ဖို့ကောင်းတဲ့ပွဲပါ။ အပေါင်းလက္ခဏာ အရှိဆုံးအရာကတော့ ကျနော်တို့မှာရှိနေတဲ့ စိတ်ဓါတ်ပိုင်းပါ။ ကျနော်တို့ ပြန်လာနိုင်ခဲ့တာက အံ့သြဖို့ကောင်းပါတယ်။ ဒါက ဘောလုံးဖြစ်ပြီး ဒီလိုမျိုးအရာကို ကျနော်တို့ နှစ်သက်ပါတယ်။ ဒီလိုမျိုးပြန်လာနိုင်တာကို ကျနော်တစ်ကြိမ်မှ မကြုံတွေ့ဖူးဘူးလို့ ထင်ပါတယ်။ မယုံနိုင်စရာကောင်းခဲ့ပါတယ်။ ပထမပိုင်းမှာ သူတို့ကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ ပိုကောင်းခဲ့ပြီး လူစားလဲမှုတွေက အများကြီး အကူအညီပေးခဲ့တယ်”လို့ Movistar ကိုပြောခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘာစီလိုနာအသင်းဟာ ဘင်ဖီကာအသင်းရဲ့ ၃ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ဒုတိယပိုင်းပွဲချိန် ၆၈ မိနစ်အထိ ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပွဲကစားချိန်မိနစ် ၉၀ အတွင်း ချေပဂိုးတွေသွင်းပြီး နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ဘင်ဖီကာအသင်းကို ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဘာစီလိုနာအသင်းနဲ့ ဘင်ဖီကာအသင်း ယှဉ်ပြိုင်နေစဉ်
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲအပြီးမှာ ပြိုင်ဘက်နှစ်သင်း ကစားသမားတွေဟာ ဥမင်ထဲမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ကြပြီး ဘာစီလိုနာ အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရာဖင်ညာက ဘင်ဖီကာအသင်းရဲ့ စော်ကားမှုကြောင့် ပြန်လည်တုန့်ပြန် ခဲ့တယ်လို့ ပြောခဲ့တာပါ။
ရာဖင်ညာက သူဟာ လူတိုင်းကို လေးစားသလို ဘင်ဖီကာအသင်းက သူ့ကို လေးစားရင် ပြန်လေးစားမှာ ဖြစ်ပေမယ့် သူတို့က စော်ကားတဲ့အတွက် ပါးစပ်ပိတ်နေမှာ မဟုတ်ဘူးလို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဗလင်စီယာအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA