CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၉
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အသင်းဖော်ဟောင်း နေမာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦးဖြစ်တဲ့အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိနေနိုင်ဖို့ မျှော်လင့်နေပါတယ်။
မက်ဆီက “ကျနော်တို့ဟာ အကောင်းဆုံး ကစားသမားတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိစေချင်ပြီး နေမာက သူ့ရဲ့ ပုံစံ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေထဲက တစ်ဦးအဖြစ် အမြဲတမ်းရှိနေမှာပါ။ သူက ဘရာဇီးလ်နဲ့ ဘောလုံးအတွက် အဓိပွာယ်ရှိတာကြောင့် ကမ္ဘာ့ဖလားမှာ သူ့ကိုမြင်ရတာက အလွန်ကောင်းမှာပါ။ ကမ္ဘာ့ဖလားမှာ သူ့ကို ရှိစေချင် သလို ရှိနေနိုင်ဖို့လည်း ကျနော်မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
မက်ဆီနဲ့နေမာတို့ဟာ ဘာစီလိုနာအသင်းမှာ ၄ ရာသီကြာ အတူတွဲကစားပြီးနောက် သူငယ်ချင်းကောင်းတွေ အဖြစ် ရှိခဲ့ကြပြီး PSG အသင်းမှာ ၂ ရာသီကြာ အတူတွဲ ကစားခဲ့ပါတယ်။

နေမာနဲ့မက်ဆီကိုတွေ့ရစဉ်
၂ ဦးစလုံးဟာ ၂၀၂၃ ခုနှစ်မှာ PSG အသင်းကနေ ထွက်ခွာခဲ့ပြီး မက်ဆီက အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ ကာ နေမာက အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
နေမာဟာ ပြီးခဲ့တဲ့နှစ်မှာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာခဲ့ပြီး ဘရာဇီးလ်အသင်းနဲ့အတူ စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမယ့် နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိသေးပါဘူး။
နေမာဟာ နည်းပြ အန်ဆယ်လော့တီရဲ့ ဘရာဇီးလ်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံနေရပြီး အန်ဆယ် လော့တီ ကတော့ သူ ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှု ပြည့်ဝရင် လူစာရင်းထဲမှာ ပါဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
