CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

ပီအက်စ်ဂျီအသင်းနည်းပြ ဂယ်လ်တီယာက အန်းဂါးစ်နဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပါဝင်နိုင်ခဲ့တဲ့ မက်ဆီကို ချီးကျူးလိုက်ပြီး သူသာရှိနေရင် အသင်းအတွက် အခွင့်အရေးတွေက အာမခံချက် ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဂယ်လ်တီယာက “ဒီနေ့မှာ ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ထပ်ပြီးတွေ့ခဲ့ရပြန်ပါတယ်။ လီယို ဟာ ကစားချင်ခဲ့သလို ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ သူ့ကို ကျနော်တို့ ကွင်းထဲမှာ ရထား တဲ့အချိန်မှာ အခွင့်အရေးတွေ အတွက်က အာမခံချက်ရှိပါတယ်။ သူက တစ်ပွဲလုံး ကစားနိုင်ခဲ့ပြီး တကယ်ကို ကောင်းမွန်ခဲ့ပါတယ်”လို့ Prime Video ကို ပြောခဲ့တာပါ။

အန်းဂါးစ်နဲ့ ကစားခဲ့တဲ့ပွဲဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ပီအက်စ်ဂျီအသင်းအတွက် မက်ဆီ ပထမဆုံး ပြန်လည် ကစားတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီဟာ အသင်းအတွက် အဖွင့်ဂိုး ရခဲ့တာမှာလည်း အရေးပါ ခဲ့သလို ဒုတိယဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။

 မက်ဆီနဲ့ နေမာကိုတွေ့ရစဉ်

ဒီဂိုးဟာ မက်ဆီအတွက် ၂၀၂၃ မှာ သွင်းယူတဲ့ ပထမဆုံး ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် မက်ဆီဟာ ၂၀၀၅ က စပြီး နှစ်တိုင်း ဂိုးသွင်းနိုင်တဲ့ စံချိန်မှတ်တမ်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာပါ။

မက်ဆီဟာ ၂၀၂၂-၂၃ ရာသီမှာ ပီအက်စ်ဂျီအတွက်ရော အာဂျင်တီးနားအတွက်ပါ ခြေစွမ်းပြသနေပြီး ၂ သင်း စလုံး အတွက် ပွဲပေါင်း ၃၀ ကစားထားအပြီးမှာ ၂၅ ဂိုးသွင်းယူကာ ၁၈ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လန်းစ်အသင်းကို ၆ မှတ်ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေတာပါ။

အန်းဂါးစ်ကို အနိုင်ရတဲ့ပွဲမှာ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဘတ်ပီ မပါဝင်နိုင်ခဲ့ဘဲ နေမာနဲ့ မက်ဆီတို့က တိုက်စစ် ပိုင်းကို ဦးဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့မှာ လီဂူးဝမ်း ပွဲစဉ်အဖြစ် ရီးနတ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာတော့ တိုက်စစ်ကစားသမား ၃ ဦးစလုံး အတူတွဲ ပွဲထွက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Goal