CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဆောက်သမ်တန်ကို အရေးနိမ့်ခဲ့တဲ့ အသင်းခြေစွမ်းကို စိတ်ပျက်နေပြီး ဒီပုံစံအတိုင်း သွားကစားရင် မန်ချက်စတာဒါဘီပွဲစဉ်မှာ အခွင့်အရေးမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဒီနေ့ ကစားပုံကတော့ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒီလိုပုံစံအတိုင်း ယူနိုက်တက်နဲ့ မန်ချက်စတာ ဒါဘီပွဲစဉ် သွားကစားရင်တော့ ကျနော်တို့အတွက် အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ ပွဲထွက် လူ စာရင်းက အရေးကြီးတာ မဟုတ်ပါဘူး။ စွမ်းဆောင်ရည်ကြောင့်သာ ဒီလိုဖြစ်သွားတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ ဒီနေရာမှာ မရှိခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဆောက်သမ်တန် အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ဒါဟာ ၂၀၁၈ ခုနှစ်၊ ဧပြီလက လီဗာပူးလ်နဲ့ ပွဲစဉ်ပြီးနောက် ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့တာပါ။ ဆောက်သမ်တန်နဲ့ပွဲမှာ အကောင်းဆုံးအသင်းက အနိုင်ရခဲ့ တာလို့လည်း ဂွာဒီယိုလာက ထပ်ပြီး ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့ ဆောက်သမ်တန်အသင်း ယှဉ်ပြိုင်နေစဉ်

ဂွာဒီယိုလာက “ဆောက်သမ်တန်က ကျနော်တို့ထက် ပိုပြီးကောင်းခဲ့ပါတယ်။ ကျနော်တို့ ကောင်းမွန်စွာ မကစား နိုင်ခဲ့ပါဘူး။ ဆိုးရွားတဲ့ စတင်မှုနဲ့အတူ စွမ်းဆောင်ရည် ကောင်းလည်း မရှိခဲ့တာပါ။ ကျနော်တို့ဟာ ဒီပွဲအတွက် အဆင်သင့်တောင် မဖြစ်ခဲ့ပါဘူး။ ဒီနေ့က ကျနော်တို့အတွက် မဟုတ်ခဲ့ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၄ ကတည်းက ကာရာဘောင်းဖလား ချန်ပီယံဆုကို ၆ ကြိမ် ရယူထားနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၂ နှစ် ဆက်တိုက်မှာတော့ ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရတာပါ။ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ဆောက်သမ်တန် အသင်းကတော့ ဆီမီးဖိုင်နယ်အဆင့်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ စနေနေ့မှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပြိုင်ပွဲစုံ ၈ ပွဲဆက် အနိုင်ရထားတာ ဖြစ်ပါတယ်။

Source: Daily Mail