CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁

ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းဟာ တိုက်စစ်မှူး ဆာလာအတွက် နန့်တက်စ်အသင်းထံ ပေးချေရမယ့် ပြောင်းရွှေ့ကြေးရဲ့ ပထမဆုံးအရစ်ကျကို ပေးလိုက်ပြီလို့ BBC Sports Wales က ဖော်ပြခဲ့ပါတယ်။

ပေါင် ၇ သန်း ဝန်းကျင် ပေးချေခဲ့ပြီးနောက် ကာဒစ်ဖ်အသင်းဟာ သူတို့အပေါ် ချမှတ်ထားတဲ့ အပြောင်းအရွှေ့ ပိတ်ပင်မှုကို ဖီဖာက ဖယ်ရှားပေးနိုင်ဖို့ မျှော်လင့်နေတာပါ။

ဆာလာဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီက အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါ တယ်။ ဆာလာဟာ နန့်တက်စ်ကနေ ကာဒစ်ဖ်ထံ ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းအတွက် ပွဲမကစားလိုက်ရဘဲ သေဆုံးသွားခဲ့တာပါ။

ကာဒစ်ဖ်ဟာ ဆာလာအတွက် နန့်တက်စ်နဲ့ သဘောတူထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းထဲက ပထမ အသုတ်ကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဖီဖာက အရေးယူတဲ့ အနေနဲ့ အပြောင်းအရွှေ့ ၃ ခုကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလာကိုတွေ့ရစဉ်

ကာဒစ်ဖ်ဟာ ဖီဖာရဲ့ စီရင်ချက်ကို အယူခံဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ဆာလာဟာ သေဆုံးသွားချိန်မှာ သူတို့ရဲ့ တရားဝင် ကစားသမား မဟုတ်လို့ ငွေကြေးပေးချေဖို့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။

ကာဒစ်ဖ်အသင်းကတော့ ပြီးခဲ့တဲ့လက နန့်တက်စ် အသင်းထံ ပေးတဲ့ ပထမအရစ်ကျ ပေါင် ၅.၃ သန်းအတွက် ပြေစာကို လက်ခံရရှိထားတယ်လို့ ပြောခဲ့ပါတယ်။

သူတို့ဟာ အတိုးကြောင့် ပေးချေရတဲ့ ပမာဏကပိုပြီး များသွားခဲ့တာလည်း ဖြစ်ပါတယ်။ ကာဒစ်ဖ်ဘက်ကတော့ အခြားဥပဒေရေးရာအတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်နေဆဲလို့ ထပ်ပြောခဲ့တာပါ။

ချန်ပီယံရှစ်ကလပ်ဘက်က အပြောင်းအရွှေ့ ပိတ်ပင်မှုကို အမြန်ဆုံး ဖယ်ရှားပေးစေချင်နေတာ ဖြစ်ပါတယ်။

ကာဒစ်ဖ်အသင်းဟာ ဒီရာသီချန်ပီယံရှစ် ပွဲစဉ် ၂၆ ပွဲ ကစားအပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၂ မှတ်ကွာဟနေတာပါ။

Source: BBC