CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၃

ပီအက်စ်ဂျီပရိသတ်တွေရဲ့ လှောင်ပြောင်မှု ခံနေရတဲ့ မက်ဆီအနေနဲ့ ပြင်သစ်ကလပ်က ထွက်ပြီး အသင်းဟောင်း ဘာစီလိုနာအသင်းထံ ပြန်ဖို့ အသင်းဖော်ဟောင်း အွန်နရီက ပြောခဲ့ပါတယ်။

အွန်နရီက “ပီအက်စ်ဂျီ ပရိသတ်တွေဆီကနေ လေချွန်သံတွေကြားရတာ ရှက်ဖို့ ကောင်းပါတယ်။ ဒီရာသီမှာ ၁၃ ဂိုး သွင်းပြီး၊ ၁၃ ဂိုး ဖန်တီးထားတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးကို ဒီလိုမျိုး လေချွန်သံတွေ မလုပ်သင့်ပါဘူး။ ကျနော်ကတော့ သူ့ရဲ့ ကစားသမားဘဝကို ဘာစီလိုနာမှာပဲ အဆုံးသတ်တာ မြင်ချင်ပါတယ်။ မက်ဆီ အနေနဲ့ ဘာစီလိုနာကို ပြန်သွားသင့်ပါတယ်”လို့ ပြောခဲ့တာပါ။

ပီအက်စ်ဂျီအသင်းက လိုင်ယွန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ မက်ဆီဟာ အသင်း အားပေးသူ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပွဲထွက် လူစာရင်းကို ကြေညာချိန် မက်ဆီရဲ့ နာမည်ကို ပြောတဲ့အခါမှာ ပရိသတ်တွေက လေချွန်သံတွေ အပါအဝင်၊ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

မက်ဆီဟာ နိုင်ငံတကာ ပွဲစဉ်တွေ မကစားခင် ရီးနတ်စ်အသင်းနဲ့ ယှဉ်ပြိုင်တဲ့ ပွဲအပြီးမှာလည်း ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရသေးပါတယ်။

မက်ဆီကိုတွေ့ရစဉ်

မက်ဆီဟာ ဒီလို လှောင်ပြောင်မှုတွေကြောင့် စိတ်ပျက်နေပြီး ပွဲအပြီး ဥမင်ထဲကို တန်းပြီး ဝင်သွားခဲ့သလို လိုင်ယွန် အသင်းနဲ့ ပွဲအပြီးမှာလည်း ဥမင်ထဲကိုပဲ တန်းပြီး ဝင်သွားခဲ့ပြန်တာပါ။

မက်ဆီနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ ၂ နှစ်စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် အသင်းအားပေးသူ ပရိသတ်တွေရဲ့ အပြုအမူဟာ မက်ဆီကို အသင်းကနေ ထွက်ခွာသွားအောင် လုပ်ဆောင်နေ တယ်လို့ ဘောလုံးဝေဖန်သူတွေက သုံးသပ်ထားကြပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေသလို၊ အသင်းဟောင်း ဘာစီလိုနာ အသင်း ကလည်း ပြန်ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ဖော်ပြောထားတာပါ။

အာဂျင်တီးနား အသင်းခေါင်းဆောင်ကတော့ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားခြင်း မရှိသေးဘဲ ရာသီအကုန်မှသာ ဆုံးဖြတ်ချက်ကို အသိပေးဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် လီဂူးဝမ်း အမှတ်ပေးဇယားမှာ ဒုတိယနေရာနဲ့ တတိယ နေရာမှာ ရှိတဲ့ လန်းစ်နဲ့ မာဆေးလ်အသင်းတို့ကို ၆ မှတ်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာ ဆက်လက် ရပ်တည်နေတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဧပြီလ ၉ ရက်မှာ လီဂူးဝမ်းပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPA