CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်းမပျော်ရွှင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

မက်ဆီက “ပီအက်စ်ဂျီမှာ နောက်ဆုံးနှစ်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကြောင့် အင်တာမိုင်ယာမီမှာ ကစားဖို့ရခဲ့တာက အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျနော်ဟာ ပီအက်စ်ဂျီမှာ မပျော်ရွှင်ခဲ့တဲ့ ၂ နှစ်ကိုဖြတ်သန်းခဲ့ရပါတယ်။ လေ့ကျင့်ရေး၊ပွဲတွေနဲ့အတူ နေ့တိုင်းကို ကျနော်မပျော်ရွှင်ခဲ့ရပါဘူး။ ဒါတွေအားလုံးကို လိုက်လျောညီထွေဖြစ်အောင် လုပ်ရတာကခက်ခဲပါတယ်”လို့ Apple Music Zane Lowe နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

မက်ဆီဟာ ၂၁ နှစ်ကြာရှိခဲ့တဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက် ၂၀၂၁ ခုနှစ်မှာပီအက်စ်ဂျီအသင်းထံ ၂ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် ၇၆ ပွဲပါဝင်ကစားခဲ့ပြီး ၃၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃၅ ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။ 

အာဂျင်တီးနားကစားသမားဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ အောင်မြင်မှုအဖြစ် လီဂူး-၁ ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား ၃ လုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ပရိသတ်တွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေရှိခဲ့ပြီး ထွက်ခွာချိန်မှာအသင်းကို ဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။ 

မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေထွက်ခွာပြီးနောက်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံပြောင်းရွှေ့ကာ အသင်းကို သမိုင်းတစ်လျှောက်ပထမဆုံးဆုဖလား ၂ ခုရယူပေးထားနိုင်ခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းအတွက် ၄၂ ပွဲကစားထားပြီး ဂိုးပါဝင်ပတ်သက်မှု ၅၆ ဂိုးအထိရှိထားတဲ့ မက်ဆီက ကလပ်အသင်းနဲ့မေဂျာလိဂ်ပြိုင်ပွဲကို ကြီးထွားဖို့ကူညီပေးချင်နေတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ရီးရယ်လ်၊ချယ်လ်ဆီး၊မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၅ ခုနှစ်ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့်ရရှိထားတာဖြစ်ပါတယ်။

Source:BBC