CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ကွင်းလယ်လူဟောင်း ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဘက်ကနေ ရပ်တည်ခဲ့ပြီး နည်းပြရဲ့အမြင်က ပိုအရေးပါတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော် ဒီအကြောင်းကို ကြားခဲ့ပါတယ်။ ကျနော့်မှာလည်း မတူညီတဲ့အမြင်ရှိပါတယ်။ ဘရူနိုက အသင်းအတွက်ရော ကျနော့်အတွက်ပါ အလွန်အရေးပါတဲ့သူပါ။ သူဟာ အသင်းဖော်တွေကို စိတ်ပျက်ပြီး ဝေဖန်တဲ့ပုံစံတွေလုပ်တာကို ကျနော်သိပါတယ်။ လူတိုင်းမှာအမြင်ရှိပြီး၊ ရွိုင်ကိန်းဟာ သူကစားခဲ့တဲ့အချိန်တုန်းက ကြီးမားတဲ့စံနှုန်းတွေရှိခဲ့ပါတယ်။ ကျနော်က နည်းပြဖြစ်တဲ့အတွက် ရွိုင်ကိန်းရဲ့အမြင်ထက် ကျနော့်ရဲ့အမြင်က ပိုအရေးပါတယ်လို့ထင်ကြောင်း" ပြောခဲ့တာပါ။
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဟာ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း အီယန်ရိုက်နဲ့ ပြုလုပ်ခဲ့တဲ့ Overlap podcast မှာ ဘရူနိုဟာ အရည်အသွေးရှိတဲ့သူဖြစ်ပေမယ့် ဒါက မလုံလောက်ကြောင်းနဲ့ သူဟာ တိုက်ပွဲဝင်နေတဲ့သူမဟုတ်ဘူးလို့ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရွိုင်ကိန်းက ယူနိုက်တက်တစ်သင်းလုံးကို အယောင်ဆောင်တဲ့သူတွေလို့ တံဆိပ်ကပ်ဖော်ပြခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ သူ့ရဲ့ကစားသမား ဘရူနိုဖာနန်ဒက်စ်ဘက်ကနေ ရပ်တည်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နည်းပြအာမိုရင်ဟာ ပြီးခဲ့တဲ့ပွဲတွေက အမှားတွေကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ဂိုးသမား အိုနာနာကိုလည်း ကာကွယ်မှုတွေပြုလုပ်ခဲ့တာပါ။
အိုနာနာဟာ အဲဗာတန်နဲ့ အစ်စဝှစ်ချ်အသင်းပွဲတွေမှာ လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်အသင်းပရိသတ်တွေက သူ့ကိုစိတ်ပျက်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဒုတိယဂိုးသမား ဘာယင်ဒါဟာ ဒဏ်ရာရရှိနေတာကြောင့် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလားပဉ္စမအဆင့်ပွဲစဉ်မှာ အိုနာနာကပဲ ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်ရဖို့ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်ပြီးရင် ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN