ယူနိုက်တက်မှာ ဘရူနို ဆက်နေချင်တယ်လို့ အာမိုရင် ယုံကြည်
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၁
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုတွေရှိနေပေမယ့် ဘရူနိုဖာနန်ဒက်စ်အသင်းမှာ ဆက်နေချင်တယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဘရူနို အသင်းအတွက် နောက်ဆုံးပွဲ ကစားခဲ့တယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်သေချာ မသိပေမယ့် သူဒီမှာ ဆက်နေချင်တယ်လို့ ကျနော်ထင်ပါတယ်။ ကလပ်အသင်းဟာ အခြားနည်းလမ်းတွေနဲ့လည်း ငွေကြေးရှာဖွေနိုင်ပါတယ်။ ကျနော်ကတော့ သူဒီမှာ သေချာပေါက် ဆက်နေချင်တယ်လို့ ခံစားရပါတယ်။ ဒါပေမယ့်လည်း ခင်ဗျားဘယ်တော့မှ မသိနိုင်ဘူး”လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ဆက်တိုက် ကြိုးစားနေပြီး ၃ နှစ် စာချုပ်အတွက် ပေါင်သန်း ၂၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူ ပင်ဟိုဟာ ဒီရက်သတ္တပတ်ထဲ ဆော်ဒီမှာ ၃ ရက်ကြာနေထိုင်ပြီး အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။
ပုံစာ- ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ဒါအပြင် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်သာ အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အထိရရှိမှာပါ။
အယ်လ်ဟီလယ်အသင်းကတော့ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ကို အသင်းလူစာရင်းထဲ ထည့်သွင်း ချင်နေတာကြောင့် အပြောင်းအရွှေ့ အမြန်ဆုံးဖြစ်အောင် ကြိုးပမ်းနေတာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းက ဟောင်ကောင်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ယူနိုက်တက်အသင်း အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ အချိန်တစ်ပတ် ပေးထားတယ်လို့ သိရပါတယ်။
Source: ESPN