CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၅

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အခုလအကုန်မှာ ယူနိုက်တက်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ပြောခဲ့ပါတယ်။

 နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အယ်လ်ဟီလယ်အသင်းက ပစ်မှတ်ထားနေတာပါ။ 

ဘရူနိုဖာနန်ဒက်စ်က သူဟာ ယူနိုက်တက်အသင်းမှာ ဆက်ရှိချင်ပေမယ့် နွေရာသီမှာ ရောင်းချခံရနိုင်တယ်လို့ ဝန်ခံထားတာဖြစ်ပါတယ်။ 

MailOnline က အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို တစ်ပတ်လုပ်ခ ပေါင် ၇ သိန်း၊ လက်မှတ် ထိုးကြေးနဲ့ အပိုဆုကြေးတွေ အပါအဝင် တစ်ရာသီကို ပေါင် ၆၅ သန်းအထိ ရရှိမယ့် ၃ နှစ် စာချုပ် ကမ်းလှမ်းဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားတာပါ။

အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ခေါ်ယူခဲ့ချိန်က ပေါင် ၄၇ သန်းသာ ပေးခဲ့ရတဲ့အတွက် ဒီအပြောင်းအရွှေ့ကို လက်ခံရင် အကျိုးအမြတ် အများအပြား ရရှိမှာပါ။

မန်ချက်စတာကလပ်ဟာ ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချဖို့ စီစဉ်မထားပေမယ့် ဒီပြောင်းရွှေ့ကြေး ပမာဏကို ရရှိရင် အသင်းရဲ့လူစာရင်း အင်အားကို ပြန်ဖြည့်ဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရတဲ့အတွက် ဝင်ငွေ အများအပြား လျော့ပြီးရမှာဖြစ်လို့ ကစားသမား အများအပြားကို ရောင်းချဖို့ ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့တဲ့အတွက် လက်မှတ်ရောင်းချမှု၊ ရုပ်သံဝင်ငွေ၊ စပွန်ဆာ အပိုဆုကြေးတွေကနေ ဝင်ငွေပေါင်သန်း ၁၀၀ ခန့်ဆုံးရှုံးသွားနိုင်ပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထား တဲ့အတွက် ဒီပြိုင်ပွဲမတိုင်မီမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

Source: Metro