CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က လက်စတာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းရဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာတယ်လို့ ထင်ပါတယ်။ ရလဒ်က အမြဲတမ်း စွမ်းဆောင်ရည်ကနေ မလာတာကြောင့် ပိုကောင်းတယ်လို့ ခံစားခဲ့ရပါတယ်။ ဒီပွဲမှာဆိုရင် အသင်းမှာ မတူညီတဲ့ အရာတွေကို ကျနော် စတင်မြင်တွေ့လာခဲ့ပါတယ်။ ကစားသမားအချို့ဟာ အားတွေလျော့နေတယ်လို့ ခံစားရပေ မယ့် အသင်းဟာ ပွဲတွေကို အနိုင်ရဖို့ နည်းလမ်းရှာဖွေနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် ကောင်းတဲ့ လက္ခဏာပါ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဆိုစီဒက်အသင်းကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လက်စတာအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ၂ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေကို ဟော့ဂျ်လန်း၊ ဂါနာချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူခဲ့တာပါ။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းအတွက် ၂၁ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တာကို လက်စတာ အသင်းနဲ့ပွဲစဉ်မှာ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သွင်းဂိုးသွင်းယူနိုင်ခဲ့တာက ဟော့ဂျ်လန်းအတွက် အလွန်အရေးပါခဲ့ပြီး ဂါနာချိုကလည်း ပွဲထဲမှာ တိုးတက်အောင် လုပ်ဆောင်နေတယ်လို့ ပြောခဲ့တာပါ။
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ လက်စတာအသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးအပြင် ဂိုးဖန်တီးမှု ၂ ကြိမ် လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားတာပါ။
ယူနိုက်တက်အသင်းဟာ လက်စတာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို တက်နိုင်ခဲ့ပြီး လက်စတာအသင်းကတော့ တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA