CNI Sport News

 ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း အဲရစ်တန်ဟတ်ကို တောင်းပန်မှု ပြုလုပ်ခဲ့တယ်လို့ ချယ်လ်ဆီးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်က “ကစားသမား ၁၅ ဦးထက် နည်းပြကို ဖြုတ်ပစ်ဖို့က ပိုပြီးလွယ်ကူပါတယ်။ ကျနော် အဲရစ်တန်ဟတ်နဲ့ စကားပြောခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။ သူ့ကို ကူညီဖို့ကြိုးစားခဲ့ပေမယ့် သူထွက်ခွာခဲ့ရလို့ စိတ်ပျက်မိပါတယ်။ ကျနော် ဂိုးမသွင်းနိုင်ခဲ့သလို၊ အသင်းကလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ကျနော့်မှာ တာဝန်ရှိ တယ်လို့ ခံစားရပါတယ်။ နည်းပြထွက်သွားတာဟာ ကလပ်မှာရှိတဲ့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ အသင်းက အကောင်းဆုံး မလုပ်နိုင်ခဲ့တဲ့အတွက် သူထုတ်ပယ်ခံခဲ့ရတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ 

မန်ချက်စတာကလပ်ဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တာပါ။ 

ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကိုင်စီဒိုက ချယ်လ်ဆီးအသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

နည်းပြဟောင်း အဲရစ်တန်ဟတ်ဟာ ဘရူနိုဖာနန်ဒက်စ်ကို ယူနိုက်တက်အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေရှိနေချိန်မှာ နည်းပြက သူ့ဘက်ကနေ ရပ်တည်ပေးခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်က နည်းပြဟောင်း အဲရစ်တန်ဟတ် ထုတ်ပယ်ခံရမှုအတွက် ကစားသမားတွေလည်း သူ့ရဲ့တာဝန်ကို မျှဝေပြီး ယူရမယ်လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဘရူနိုဖာနန်ဒက်စ်ရဲ့ မှတ်ချက်ဟာ နောက်ကျလွန်းနေပြီး သူဟာ လုံလောက်တဲ့ ခေါင်းဆောင်မှုကို ပြသနိုင်ခြင်းမရှိသေးဘူးလို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ သရေကျခဲ့ပေမယ့် ဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့နေရပြီး ဒီရာသီပရီးမီးယားလိဂ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည် နေပါတယ်။ 

ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ PAOK အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲစဉ် ၃ ပွဲစလုံး သရေကျခဲ့တာကြောင့် ဒီပွဲကို အနိုင်ရလဒ်ရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Source: ESPN