CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂

ယူနိုက်တက်အသင်းဟာ စပါးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့တာမှာ အောင်မြင်ခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ စပါးအသင်း ကွင်းလယ်လူ မက်ဒီဆင်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အနီကတ်ပြစ်ဒဏ်အပေါ် တနင်္လာနေ့က အယူခံဝင်ခဲ့ပြီးနောက်မှာ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)က အနီကတ်ကိုပယ်ဖျက်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ၃ ပွဲပယ်ခံရမှာ မဟုတ်တော့ဘဲ လာမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပါဝင်ခွင့်ရရှိသွားခဲ့တာပါ။ 

ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ကို အနီကတ် ပြသခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေခဲ့ပြီး မက်ဒီဆင် ကိုယ်တိုင် က ဒါဟာ အနီကတ် မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်က ပွဲကိုအပြောင်းအလဲ ဖြစ်ခဲ့တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ် မထုတ်ပယ်ခံရချိန်ကတည်းက စပါးအသင်းကို အဖွင့်ဂိုး ပေးခဲ့ရပြီး ဒုတိယပိုင်းမှာ နောက်ထပ် ၂ ဂိုးပေးကာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၃ နေရာအထိ ကျဆင်းသွားခဲ့တာပါ။

ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်လည်း ရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။ 

ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲစဉ်တုန်း က တွမ်တီးအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ 

Source: ESPN