CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာချီဒါဟာ သူ့ရဲ့ ၁၃ သင်းမြောက်ကလပ်အသင်းအဖြစ် ဂရိစူပါလိဂ် ကလပ် အက်စ်တီရက်စ်ထရီပိုလစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့တဲ့ မာချီဒါဟာ ဂရိကလပ်မှာ ချယ်လ်ဆီးအသင်းကွင်းလယ်လူဟောင်း မက်ခီလီလီနဲ့ အလုပ်အတူတူတွဲလုပ်ရမှာပါ။
မက်ခီလီလီဟာ အက်စ် တီရက်စ်ထရီပိုလစ်အသင်းရဲ့ နည်းပြအဖြစ်တာဝန်ယူနေတာဖြစ်ပါတယ်။
မာချီဒါဟာ ၂၀၀၉-၁၀ ရာသီက အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် နာမည်ကြီးခဲ့ပေမယ့် ပရီးမီးယားလိဂ်ကလပ်အတွက် ၃၆ ပွဲသာ ကစားခဲ့ရပြီး ၅ ဂိုးသွင်းယူကာ ထွက်ခွာခဲ့တာပါ။

မာချီဒါဟာ ယူနိုက်တက်အသင်းမှာရှိချိန်က ဆမ်ဒိုးရီးယား၊ကျူပီအာ၊စတုဂတ်၊ဒွန်ကတ်စတာရိုဗာနဲ့ ဘာမင်ဂမ် အသင်းတွေမှာ အငှားကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကာဒစ်ဖ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
မာချီဒါဟာ အက်စ်တီရက်စ်ထရီပိုလစ်အသင်းထံ မပြောင်းရွှေ့ခင်မှာ နော်တင်ဟမ်ဖောရက်စ်၊ နိုဗာရာ၊ ပါနာသီနိုင်ကို့စ်၊အန်ကာရာဂူချူနဲ့ အေပိုးလ်အသင်းတွေမှာလည်း ကစားခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ မာချီဒါအနေနဲ့ အသင်းသစ်မှာ နေရာရဖို့အတွက် ဟန်ဂေရီအသင်းတိုက်စစ်မှူး အဒမ်နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
အက်စ်တီရက်စ်ထရီပိုလစ်အသင်းဟာ ဒီရာသီ ဂရိစူပါလိဂ်ပြိုင်ပွဲမှာ ၆ ပွဲကစားထားပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး မာချီဒါအနေနဲ့ အသင်းကို ရလဒ်ကောင်းတွေရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source:DailyMail
 
	    	  	
	    	       
	    
	  	   
		 
			 
                        
