CNI Article

၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီ ၁

နိုင်ငံတကာဆက်ဆံရေး သီအိုရီတွင် မတူကွဲပြားသည့် နိုင်ငံများ၊ ထိုနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှု၊ ပဋိပက္ခများနှင့်ပတ်သက်ပြီး အမျိုးသားအကျိုးစီးပွားကို ဆုံးဖြတ်ချက် ချမှတ်မှုကဲ့သို့ ပုဂ္ဂိုလ်စွဲကင်းသည့် အခန်း ကဏ္ဍများကို ထောက်ရှုပြီး အကဲဖြတ် ချင့်တွက်လေ့ရှိသည်။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာချိန်တွင် ကုန်သွယ်ရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍတို့တွင် ထရမ့်၏ လုပ်ဆောင်မှုများသည် ကမ္ဘာ့အရေးကို ရိုက်ခတ်စေရန် ခြိမ်းခြောက်ရာ ရောက်ခဲ့သည်။

ထိုအခြေအနေက ကမ္ဘာ့ခေါင်းဆောင်များ၏ ပင်ကိုယ်စရိုက်များနှင့် မူဝါဒများသည် ကမ္ဘာ့သမိုင်းကို ပုံဖော်စေနိုင် ခဲ့သည့် အစဉ်အလာကို ပြန်ပြောင်းမှတ်မိစေခဲ့သည်။

နိုင်ငံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ချက်များသည် နိုင်ငံတကာ ဆက်ဆံရေးအတွက်လည်း လမ်းညွှန်မြေပုံတစ်ခု ဖြစ်ခဲ့သည်။

ထိပ်သီးအဆင့် သံတမန်ဆက်ဆံရေးတွင် ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေး ခင်မင်မှုသည် အလွန်သိသာ ထင်ရှားသည့် ကွဲပြားခြားနားမှု တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ထို့ပြင် Trump သည် ခေါင်းဆောင်များအကြား ဆက်ဆံရေးက နိုင်ငံများအကြား ဆက်ဆံရေးကို အပြုသဘော ဆောင်စွာ ပုံဖော်နိုင်သည်ဟူသည့် အယူအဆကို အလွန်ယုံကြည်သူဖြစ်သည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း ထရမ့်သည် အမေရိကန်နှင့် အဓိက နိုင်ငံများအကြား ဆက်ဆံရေးကို ပုံဖော်ရာ တွင် အထောက်အကူ ဖြစ်စေရန်အတွက် သံတမန်ဆက်ဆံရေးကို ချဉ်းကပ်ရာ၌ ကိုယ်ရေးကိုယ်တာဆန်သည့် ချဉ်းကပ်မှုဖြင့် ချမှတ်ဆောင်ရွက်ခဲ့သည်။

၂၀၁၉ ခုနှစ်က ထရမ့်သည် ရာထူးလက်ဝယ်ရှိနေစဉ် မြောက်ကိုရီးယားနိုင်ငံအတွင်း ခြေချခဲ့သည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။

ထိုအချိန်က ထရမ့်သည် ကိုရီးယားနှစ်နိုင်ငံ၏ စစ်မဲ့ဇုန်ကို ဖြတ်သန်းကာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထရမ့်သည် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးကို ရှေးရှုကာ Abraham Accords သဘောတူ စာချုပ်များကို ချုပ်ဆိုခဲ့ပြီး အာဖဂန်စစ်ပွဲအား အဆုံးသတ်ခြင်း အပါအဝင် ထိပ်တိုက်တွေ့မှုများကို ရှောင်ကြဉ်ခဲ့ သည်။

ထရမ့်ကဲ့သို့ ကမ္ဘာ့ခေါင်းဆောင် အများစုကလည်း ၎င်းတို့၏ ကိုယ်ပိုင်အမှတ်သညာဖြင့် သံတမန်ဆက်ဆံရေးကို ချဉ်းကပ် ဆောင်ရွက်လာကြပြီး ၎င်းတို့၏ လူမှုမီဒီယာများအား အသုံးပြုပြီး သံတမန်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြ သည်။

ခေါင်းဆောင်များအကြား ပုဂ္ဂိုလ်ရေးခင်မင်မှုက နိုင်ငံအချင်းချင်း ဆက်ဆံရေးအတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လာသည့် အချက်ကို နားလည်လာခဲ့ကြသည်။

ဒေါ်နယ်ထရမ့်နဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

ပုဂ္ဂိုလ်ရေးခင်မင်မှုနှင့် တစ်ယောက်အကြောင်းကို တစ်ယောက်က နားလည်ထားသည့် အားသာချက်က ဆွေးနွေးမှုများ ပြုလုပ်ရာတွင် တစ်ဖက်လူ၏ အားနည်းချက်၊ အားသာချက်ကို သိရှိနိုင်ပြီး အလျှော့အတင်း ပြုလုပ်နိုင်ခြင်းဖြစ်သည်။

ထရမ့်သည် သူ့ကိုယ်သူ ကြားဝင်စေ့စပ်ပေးသူအဖြစ် ပုံဖော်ခဲ့ပြီး အခြားနိုင်ငံများမှ ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကမ်းလင့်ထောက်ကူမှုများ ပြုလုပ်ခဲ့သည်။

ထိုချဉ်းကပ် လုပ်ဆောင်ချက်များသည် ထရမ့်၏ ၁၉၈၇ ခုနှစ်က ထုတ်ဝေခဲ့သည့်  “Trump: The Art of the Deal” ဆိုသည့် စာအုပ်ထဲမှ နည်းဗျူဟာများကို လက်တွေ့ကျကျ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထရမ့်သည် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်တိုင် အာဏာရှင်များ အပါအဝင် ပြည်ပခေါင်းဆောင် များနှင့် ဆက်ဆံရာတွင် မြှောက်ပင့်ပြောဆိုသည့် နည်းစနစ်ကိုလည်း လိမ်မာပါးနပ်စွာ ကျင့်သုံးခဲ့သည်။

ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကို "ထူချွန်ပြောင်မြောက်သည့် အမျိုးသား" "အလွန်ကောင်း သည့် မိတ်ဆွေ" အစရှိသည့် စကားလုံးများ သုံးနှုန်းပြောဆိုခဲ့ကာ ရုရှားသမ္မတ ပူတင် (Vladimir Putin) ကိုလည်း လိမ်မာပါးနပ်သူ စိတ်ဓာတ်ခိုင်မာသူအဖြစ် ပြောဆိုခဲ့ဖူးသည်။

ထရမ့်သည် တူရကီသမ္မတ အာဒိုဂန် (Erdogan) ၏ အုပ်ချုပ်ပုံသည် အလွန့်အလွန် ခိုင်မာမှုရှိကြောင်းလည်း ချီးကျူးပြောကြားခဲ့ပြီး ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံအပြီးတွင်လည်း ၎င်းတို့နှစ်ယောက် ချစ်ကျွမ်း ဝင်ခဲ့ကြကြောင်း ဟာသနှောပြီး ပြောဆိုခဲ့သည်။

ထို့ပြင် ထရမ့်သည် တရုတ်သို့ သွားရောက်လည်ပတ်ရန်လည်း စိတ်ဝင်စားကြောင်း ပြသခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီက ထရမ့်၏ မခန့်မှန်းနိုင်သည့် ပြဿနာရှာပုံကို သိရှိထားသည့်တိုင် သဘောတူညီချက် ရယူရန် အာရုံစိုက် လုပ်ဆောင်လေ့ရှိသည့် ထရမ့်၏ ချဉ်းကပ်ပုံကို သဘောကျခဲ့သည်။

ထရမ့်၏ စရိုက်လက္ခဏာသည် ခေါင်းဆောင်မှုကဏ္ဍ၏ အစဉ်အလာ အိုင်ဒီယာများနှင့် မတူကွဲပြားဘဲ တစ်မူ ထူးခြားနေသည်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ထရမ့်သည် ဂျိုးဘိုင်ဒန် (Joe Biden) ကဲ့သို့ မဟုတ်ဘဲ မိန့်ခွန်းများကို စာရွက်စာတမ်းများ ကြည့်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်လေ့ရှိသည်။

ထရမ့်သည် စကားကြမ်းကြမ်း ပြောတတ်သော်လည်း တချို့ကိစ္စများတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ သည်။

ဥပမာပြရမည်ဆိုပါက ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ပြီး ပိတ်ဆို့မှုများ ချမှတ်ခဲ့ သော်လည်း အီရန်နှင့် စစ်ပွဲဖြစ်ပွားမည့် အခြေအနေကို ရှောင်လွှဲခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားကို ပစ်ခတ်မည်ဟု ၂၀၁၇ ခုနှစ်က ခြိမ်းခြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် စင်္ကာပူ၌ ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံခဲ့သည်။

ထရမ့်သည် လက်တွေ့ အကျိုးမျှော်ဝါဒီ ဖြစ်သည်။ သူသည် တရုတ်ကို စီးပွားရေး ခြိမ်းခြောက်မှုများ ပြုလုပ်မည် ဟု ပြောကြားခဲ့သည့်တိုင် ကုန်သွယ်ရေး ပိတ်ဆို့မှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ 

ရှီကို မြှောက်ပင့် ပြောဆိုနေချိန်တွင် တစ်ချိန်တည်းမှာပဲ တရုတ်သွင်းကုန်များကို အခွန်တိုးကောက်ခဲ့သည်။

ထရမ့်၏ အာဏာသည် ၎င်း၏ ရပ်တည်ချက် သဘောထားကြောင့်သာ မဟုတ်ဘဲ အခြားသူများ မည်သို့တွေးခေါ် နေသည်ဆိုသည့် အချက်အပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိခြင်းဖြစ်သည်။

ထိုအာဏာသည် ထရမ့် သမ္မတသက်တမ်း ကုန်သွားသည့်တိုင် ဆက်လက် တည်မြဲနေဦးမည်ဖြစ်ပြီး ၎င်း၏ ကွန်ဆာဗေးတစ် လူထုကြိုက်ဝါဒသည် နိုင်ငံတကာ နိုင်ငံရေးလောကကို ဆက်လက် ပုံဖော်နေဦးမည်ဖြစ်သည်။

Source: The Hill