CNI Internatiolnal Article

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ခြောက်ရက်ကြာ အာရှခရီးစဉ်သည် ၎င်း၏ ဒုတိယ သက်တမ်းအတွင်း အရှည်ကြာဆုံး ပြည်ပခရီးစဉ်ဖြစ်ခဲ့ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ထရမ့်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေး၊ တောင်ကိုရီးယားတွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ခေါင်းဆောင်များ အစည်းအဝေးတို့ကို တက်ရောက်ခဲ့သည်။

ထို့နောက် ဂျပန်တွင် ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကာ အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ပိုမိုပေါ်လွင်အောင် ပြသခဲ့သည်။

လက်ရှိတွင် အင်ဒို-ပစိဖိတ်ဒေသသည် ပထဝီနိုင်ငံရေးအရ လှိုင်း၊ လေထန်သည့် ကာလအပိုင်းအခြား တစ်ခု အတွင်းသို့ ရောက်ရှိနေသည်။

တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေး ဖိအားနှင့် နည်းပညာ ပြိုင်ဆိုင်မှုများသည် ဒေသတွင်း အရွေ့အပြောင်းများကို ပုံစံအသစ် ပြောင်းလဲစေသည်။

သေးငယ်သည့် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ ထိုအပြောင်းအလဲများသည် အဖွဲ့ဝင်နိုင်ငံများအား ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားပြီး ပြည်ပအင်အားကြီး နိုင်ငံများ၏ ဖိအားဒဏ်မှ ကာကွယ်ပေးရန် ရည်ရွယ်ထားသည့် အာဆီယံ၏ ဗဟိုကျမှုရှိကြောင်း ကြေညာချက်ကို ဖော်ပြရာရောက်ခဲ့သည်။

အာဆီယံသည် ထိုကဲ့သို့ ဒေသတွင်း ဗဟိုကျသည့်နေရာ သို့မဟုတ် အချက်အချာကျပြီး အရေးကြီးသည့် အခန်းကဏ္ဍကို အရှေ့အာရှ ညီလာခံ၊ အာဆီယံ ဒေသတွင်း ဖိုရမ်တို့ အပါအဝင် အာဆီယံ ဦးဆောင်သော အစည်းအဝေးများတွင် ပြသခဲ့ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အခြားနိုင်ငံများကိုလည်း ပူးပေါင်း ပါဝင်စေခဲ့သည်။

အာဆီယံအဖွဲ့ဝင်များသည် အမေရိကန်နှင့်ရော တရုတ်နှင့်ပါ ဆက်လက် ထိတွေ့ဆက်ဆံနေပြီး အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုများသာမက တရုတ်က ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုများကိုပါ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

အာဆီယံအစည်းအဝေး ကျင်းပနေစဉ်

ထိုအချက်က အာဆီယံသည် ပိုမိုပြင်းထန်လာသည့် အမေရိကန်-တရုတ် အားပြိုင်မှုတွင် မည်သည့်ဘက်ကိုမှ ရွေးချယ်ခြင်းမရှိသည့် ဆုံးဖြတ်ချက်ကို ပြသရာရောက်ခဲ့သည်။

မည်သို့ပင်ဆိုစေ အာဆီယံ၏ အနေအထားသည် တရုတ်၏ နိုင်ထက်စီးနင်း ပြုလုပ်သည့် နည်းဗျူဟာများကို စုပေါင်းပြီး တုန့်ပြန်ဖြေရှင်းရာတွင်  အကန့်အသတ်ရှိခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ရေအမြောက်များ တပ်ဆင်ထားသည့် တရုတ်၏ ပင်လယ်ရေကြောင်း ပြည်သူ့စစ် သင်္ဘောများ၊ စီးပွားရေး အကျပ်ကိုင်မှုများနှင့် ကြွေးမြီ ထောက်ချောက် သံတမန် ပရိယာယ်များသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို စမ်းသပ်ခဲ့သည်။

တောင်တရုတ်ပင်လယ်နှင့် ဒစ်ဂျစ်တယ်နည်းပညာ အုပ်ချုပ်မှုကဏ္ဍ အပါအဝင် အချို့အရေးကိစ္စများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား သဘောထား ကွဲလွဲမှုများကို တရုတ်က အခွင့်ကောင်းယူပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုကို လျော့နည်းအောင် လုပ်ဆောင်ခဲ့သည်။

မကြာသေးမီကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့အင်အားကြီး နိုင်ငံများကြား သြဇာလွှမ်းမိုးရေး အတွက် ယှဉ်ပြိုင်နေချိန်တွင် အာဆီယံ၏ ကြားနေရပ်တည်ချက်သည် တဖြည်းဖြည်း လျော့ပါးလာကြောင်း သတိပေးခဲ့သည်။ 

ကမ္ဘောဒီးယားနှင့် လာအိုသည် တရုတ်၏ ဘဏ္ဍာရေးအကူအညီကို ဆက်လက် မှီခိုနေရဆဲဖြစ်ပြီး ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် အမေရိကန်နှင့် ဆက်ဆံရေး ပိုမိုနီးစပ်လာခဲ့သည်။

ထိုကဲ့သို့ မတူကွဲပြားသည့် အကျိုးစီးပွားများက ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေချိန်တွင် အာဆီယံ၏ စည်းလုံးညီညွတ်စွာ ရပ်တည်မှုကို ရှုပ်ထွေးစေခဲ့သည်။

ထရမ့်၏ ခရီးစဉ်သည် အမေရိကန်က ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတွင် အာဆီယံကို အဓိက အစိတ်အပိုင်း အဖြစ် ရှုမြင်ထားပုံကို ထပ်လောင်း အတည်ပြုရာ ရောက်ခဲ့သော်လည်း အာဆီယံ၏ လုပ်နိုင်စွမ်းသည် အကန့်အသတ်နှင့်သာ ရှိသည့်အချက်ကို အမေရိကန်က ကောင်းကောင်းနားလည်ထားသည်။

အာဆီယံသည် ဆွေးနွေးညှိနှိုင်းမှုများကို ဦးဆောင်ပြီး ဒေသတွင်း စံသတ်မှတ်ချက်များကို ချမှတ်နိုင်သော်လည်း တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် စစ်ရေးအရ ဩဇာလွှမ်းမိုးမှု နည်းပါးနေသည်။

 APEC အစည်းအဝေးမှာ တရုတ်သမ္မတရှီနဲ့ တောင်ကိုရီးယားသမ္မတလီကို တွေ့ရစဉ်

ဗြိတိန်၊ ဩစတြေးလျနှင့် အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သည့် Quad အဖွဲ့တို့မှတဆင့် အမေရိကန်သည် ပင်လယ်ရေကြောင်း လုံခြုံရေးကို ကာကွယ်ရန် ပူးပေါင်း ကာကွယ်ရေး စွမ်းဆောင်ရည်အား တိုးမြှင့်နေသည်။

AUKUS သည် ပင်လယ်ရေကြောင်း ကင်းထောက်လှမ်းရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ဖွံ့ဖြိုးစ နည်းပညာများကဲ့သို့ အခန်းကဏ္ဍများတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အာဆီယံ၏ ဘက်မလိုက် ချဉ်းကပ်မှုကို လေးစားစွာ ဖြင့် ဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်မှုကို အထောက်အကူ ပြုပေးနိုင်သည်။

ဂျပန်သည် ဂျပန်နိုင်ငံ၏ သံမဏိ လေဒီ (Iron Lady) ဟု လူသိများသည့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် အစည်းအဝေး ပြုလုပ်ချိန်ကလည်း အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို အလေးထား ဖော်ပြခဲ့သည်။

တာကာအီချီက ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ရန်နှင့် တရုတ်၏ စစ်ရေး လှုပ်ရှားမှုများကို ဆန့်ကျင်ပြီး တင်းမာစွာ ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။

အမေရိကန်သည် ဖိလစ်ပိုင်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် (EDCA) အရ အမေရိကန်တပ်ဖွဲ့များသည် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အနီးရှိ ဖိလစ်ပိုင်စစ်စခန်း ၉ ခုကို အသုံးပြုခွင့် ရရှိထားသည်။

ထိုကဲ့သို့ AUKUS နှင့် Quad အဖွဲ့တို့၏ အစီအစဉ်များဖြင့် အမေရိကန်သည် အရှေ့တောင်အာရှဒေသကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် မဟာဗျူဟာကို ပြသခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခင်းအကျင်းတွင် အာဆီယံသည် အာရှ၏ အဓိကကျသည့် အဖွဲ့အစည်းဖြစ်ကြောင်း စင်္ကာပူနိုင်ငံကို ထူထောင်ခဲ့သည့် လီကွမ်ယု (Lee Kuan Yew) က တစ်ချိန်က ပြောကြားခဲ့ဖူးသည်။

လီ၏ ပြောကြားချက်သည် ယနေ့တိုင် မှန်ကန်ဆဲဖြစ်သည်။ အာဆီယံ၏ စီးပွားရေးသည် ဂျီဒီပီအရ ဒေါ်လာ ၄ ထရီလျံရှိပြီး ကမ္ဘာ့ ပဉ္စမအကြီးဆုံး စီးပွားရေး အင်အားစုဖြစ်သည်။

အာဆီယံတွင် လူပေါင်း သန်း ၇၀၀ နီးပါး ရှိသည့်အနက် အများစုမှာ အသက် ၃၀ အောက် လူငယ်များဖြစ်သဖြင့် ကမ္ဘာပေါ်တွင် အရှိန်အဟုန် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်နေသည့် ဒေသများထဲတွင် တစ်ခု အပါအဝင် ဖြစ်နေ သည်။

APEC အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တောင်ကိုရီးယားသမ္မတလီကို တွေ့ရစဉ်

အမေရိကန်သည် အာဆီယံနှင့် ခိုင်မာသော စီးပွားရေး ဆက်ဆံရေးရှိသည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံသို့ အမေရိကန် ကုန်စည်တင်ပို့မှုသည် ဒေါ်လာ ၁၂၅ ဘီလီယံ၊ ဘဏ္ဍာရေးဝန်ဆောင်မှု၊ ဆော့ဖ်ဝဲဝန်ဆောင်မှုများကဲ့သို့ ဝန်ဆောင်မှုကဏ္ဍတွင် တင်ပို့မှုသည် ဒေါ်လာ ၅၈ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၇၄ ဘီလီယံအထိ ရောက်ရှိခဲ့သဖြင့် အမေရိကန်သည် အာဆီယံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူများထဲတွင် ပါဝင်ခဲ့သည်။

အာဆီယံဒေသသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များ၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် အရေးပါသော ဒေသဖြစ်သည်။

အာဆီယံ၏ အကြီးမားဆုံး အားသာချက်မှာ ဆွေးနွေးမှုများကို ဖွင့်ပေးထားခြင်းနှင့် ပဋိပက္ခများကို တားဆီးခြင်း ဖြစ်သည်။

သို့သော် မြင့်တက်လာသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများ၊ ဆိုက်ဘာ ခြိမ်းခြောက်မှုများနှင့် စီးပွားရေးဖိအားများက သံတမန်ရေး နည်းလမ်း တစ်ခုတည်းဖြင့် မလုံလောက်နိုင်ကြောင်း ပြသနေသည်။

ထို့ကြောင့် အမေရိကန်သည် အာဆီယံ မစွမ်းဆောင်နိုင်သည့် အချိန်မျိုးတွင် စွမ်းဆောင်နိုင်သော မဟာမိတ် အဖွဲ့များကို တည်ဆောက်ပြီး တစ်ချိန်တည်းမှာပင် အာဆီယံ၏ သံတမန်ရေး အခန်းကဏ္ဍကို ဆက်လက် ထောက်ခံရမည်ဖြစ်သည်။

ထို့ကြောင့် အာဆီယံနှင့် APEC အစည်းအဝေးများကို ထရမ့်၏ တက်ရောက်မှုသည် သင်္ကေတ တစ်ခုထက် ပိုမို အဓိပ္ပာယ်ရှိနေပြီး အာဆီယံသည် အမေရိကန်၏ အင်ဒို-ပစိဖိတ် မူဝါဒတွင် အဓိကကျသည့် နေရာမှ ပါဝင်နေ ကြောင်းကို ရှင်းလင်းစွာ ပြသခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ အာဆီယံ၏ ကြားနေ ရပ်တည်ချက်နှင့် အမေရိကန်၏ ယုံကြည်စိတ်ချစွာ မှီခိုအားထားနိုင်မှုတို့သည် စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။

ထို့ကြောင့် လက်ရှိတွင် အမေရိကန်အနေဖြင့် အာဆီယံနှင့် စစ်မှန်သည့် ကုန်သွယ်ရေး ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်ခြင်း၊ အခြေခံ အဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းနှင့် သံတမန်ရေးဆိုင်ရာ အာရုံ စိုက်မှုကို ဆက်လက် ထိန်းသိမ်းထားသင့်သည်။

ထိုအခါမှသာ အရှေ့တောင်အာရှတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုသည် အမှန်တကယ် မဟာဗျူဟာကျပြီး တည်ငြိမ်ကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။

Source: Asia Times