CNI Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂

လစ်ဗျား အာဏာရှင်ဟောင်း မူအာမာ ကဒါဖီ (Muammar Gaddafi) ၏ သားဖြစ်သူ ဆာအိဖ် အယ်လ်အစ္စလာမ် ကဒါဖီ (Saif al-Islam Gaddafi) သည် ဖေဖော်ဝါရီ ၃ ရက်က ဇင်တန် (Zintan) မြို့ရှိ ၎င်း၏ နေအိမ်ခြံဝင်း အတွင်းတွင် သေနတ်ဖြင့် ၁၉ ချက် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

ဆာအိဖ်သည် ၂၀၁၁ ခုနှစ်တွင် ဖမ်းဆီးခံရပြီးကတည်းက လစ်ဗျား အနောက်တောင်ဘက်ရှိ တောင်ပေါ်မြို့ ဖြစ်သည့် ဇင်တန်၌ နေထိုင်ခဲ့ခြင်းဖြစ်သည်။

မျက်နှာဖုံးစွပ် အမျိုးသားလေးဦးက လုံခြုံရေးကင်မရာများကို ကြိုတင်ဖျက်ဆီးခဲ့ပြီးနောက် ဆာအိဖ်၏ ခြံဝင်း အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှု မဖြစ်ပွားမီ မိနစ် ၉၀ ခန့်အလိုတွင် ဆာအိဖ်၏ လုံခြုံရေး အစောင့်တပ်ဖွဲ့ဝင်များသည် ထိုခြံဝင်းအတွင်း မှ ထွက်ခွာသွားခဲ့ကြသည်။

ထိုလုံခြုံရေးအစောင့်များ ခြံဝင်းအတွင်းမှ မည်သည့် အကြောင်းကြောင့် ထွက်သွားခဲ့ကြသည်ကို ရှင်းလင်းစွာ မသိရပေ။

ပစ်ခတ်မှု ပြီးဆုံးသွားချိန်တွင်လည်း မျက်နှာဖုံးစွပ် သေနတ်သမားများသည် အလျင်စလို ထွက်ပြေးတိမ်းရှောင် သွားခြင်းမရှိဘဲ တည်ငြိမ် အေးဆေးစွာဖြင့် ထွက်ခွာသွားခဲ့ကြသည်။

ထိုမျက်နှာဖုံးစွပ် သေနတ်သမားများကို လိုက်လံဖမ်းဆီးသူ မရှိသလို မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက် ဖြစ်ကြောင်း ဝန်ခံခြင်း မရှိပေ။

ထို့နောက် သေနတ်သမားများသည် လူမသိသူမသိ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ကြသည်။

လစ်ဗျားနိုင်ငံတွင် ထိုကဲ့သို့ တိတ်ဆိတ်မှုမျိုးသည် လူသတ်သမားများအနေဖြင့် လိုက်လံဖမ်းဆီးခံရမည့်အရေး သို့မဟုတ် စုံစမ်းစစ်ဆေးခံရမည့်အရေးကို ကြောက်ရွံ့စရာမလိုသည့် အခြေအနေမျိုးကို ပြသရာရောက်နေသည်။

ဆာအိဖ်သည် လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၄၀ ကျော်ကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် လူထုအုံကြွမှုတွင် ရာထူးမှ ဖယ်ရှားခံရကာ အသတ်ခံခဲ့ရသည့် အာဏာရှင် ကဒါဖီ၏ ဒုတိယမြောက်သားဖြစ်သည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၄ ခုနှစ်မှစပြီး ပြိုင်ဘက်အင်အားစု နှစ်ခုအကြား ကွဲပြားနေခဲ့သည်။

နိုင်ငံအနောက်ဘက်တွင်မူ ထရီပိုလီ (Tripoli) မြို့တော်အခြေစိုက် အစိုးရအဆက်ဆက်ရှိခဲ့ပြီး ယခုနောက်ဆုံး ဝန်ကြီးချုပ် အဗ်ဒူ ဟာမစ် ဒီဘီဘာ (Abdul Hamid Dbeibah) ဦးဆောင်သည့် အစိုးရသည် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုဖြင့် အာဏာကို ရယူထားသည်။

နိုင်ငံအရှေ့ဘက်တွင်မူ စစ်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာ (Khalifa Haftar) က ယူအေအီး၊ ရုရှားနှင့် အီဂျစ် နိုင်ငံတို့၏ ကျောထောက်နောက်ခံဖြင့် စစ်အင်အားသုံးကာ နယ်မြေများကို ထိန်းချုပ်ထားသည်။

လစ်ဗျား အာဏာရှင်ဟောင်း မူအာမာ ကဒါဖီကို တွေ့ရစဉ် 

တစ်ချိန်တည်းမှာပင် ဘင်ဂါဇီ (Benghazi) မြို့ရှိ ဟစ်ဖ်တာ၏ အမည်ခံအစိုးရက လက်တွေ့တွင် စစ်အုပ်ချုပ်ရေး ဖြစ်နေသည့် အခြေအနေကို အရပ်ဘက် အုပ်ချုပ်ရေးပုံစံအဖြစ် ဖုံးကွယ်ပေးထားသည်။

ဆာအိဖ်ကို လုပ်ကြံသတ်ဖြတ်မှု၏ လုပ်ဆောင်ပုံ အဆင့်ဆင့်က ဖြစ်ရပ်မှန်ကို ဖော်ပြနေသည်။

ထိုဖြစ်ရပ်သည် ပြီးစလွယ် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုမျိုး မဟုတ်ပါ။

ဆာအိဖ်၏ လှုပ်ရှားမှုများ၊ ၎င်း၏ လုံခြုံရေး အစီအမံများနှင့် အတွင်းစည်းများကို နားလည်ထားသူများက အချိန်တို အတွင်း တိကျစွာ အကောင်အထည်ဖော်ခဲ့သော စစ်ဆင်ရေးတစ်ခုဟု သတ်မှတ်နိုင်သည်။

ဆာအိဖ်နှင့် နီးစပ်သူများကမူ ထိုလုပ်ကြံ သတ်ဖြတ်မှုတွင် အတွင်းလူ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ဆာအိဖ်ထံသို့ ရောက်ရှိနိုင်ရန် လက်နက်ရှိရုံဖြင့် မလုံလောက်ပေ။ ၎င်း၏ နေ့စဉ် လုပ်ဆောင်ချက်များ၊ လုံခြုံရေး အစောင့်များနှင့် ၎င်း၏ အသက်အန္တရာယ်ကို ကာကွယ်ပေးထားသည့် စီမံချက်များကိုပါ သိရှိနားလည်နိုင်ရန် လိုအပ်သည်။

နှစ်ပေါင်းများစွာအတွင်း ဆာအိဖ်သည် ဒေသတွင်း အင်အားစုများနှင့် နားလည်မှုယူခြင်း၊ တစ်ခါတစ်ရံတွင် ရုရှားနှင့် ဆက်နွှယ်သည့် လုံခြုံရေး အကူအညီများဖြင့် နည်းမျိုးစုံသုံးပြီး ဖုံးကွယ်နေထိုင်ခဲ့သည်။

သို့သော် တိုက်ခိုက်မှု ဖြစ်ပွားသည့် ညတွင်မူ ထိုအကာအကွယ် အားလုံးကို ရုပ်သိမ်းထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ဆာအစ်ဖ်ကို လုပ်ကြံသည့် စစ်ဆင်ရေးကို စီစဉ်သူသည် ထိုအကာအကွယ်များ ရုပ်သိမ်းသွားမည်ကို ကြိုတင်သိရှိနေသူဖြစ်သည်။

လုပ်ကြံသတ်ဖြတ်မှုသည် အသံတိတ် ပြီးဆုံးသွားသော်လည်း လုပ်ဆောင်ပုံ နည်းစနစ်နှင့် လုပ်နိုင်စွမ်းတို့ကို သုံးသပ်ရမည်ဆိုပါက ကျူးလွန်သူသည် မည်သူဖြစ်နိုင်သည်၊ မည်သည့် အတွက်ကြောင့် လုပ်ကြံခဲ့သည်ဆိုသည့် အချက်များကို ယခုဆောင်းပါးကို ဖတ်ရှုပြီးပါက စာဖတ်သူကိုယ်တိုင် သိရှိ နားလည်လာလိမ့်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ထရီပိုလီမြို့တော်၏ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သော SSA ၏ တပ်မှူး အဗ်ဒယ်လ်ဂါနီ အယ်လ် ကစ်ကလီ (Abdelghani al-Kikli) သည် ပြိုင်ဘက် တပ်ဖွဲ့တစ်ဖွဲ့၏ လုပ်ကြံခြင်း ခံရခဲ့ချိန်က နောက် ဆက်တွဲ အခြေအနေသည် ချက်ချင်းဆိုသလို ပရမ်းပတာ ဖြစ်သွားခဲ့သည်။

လက်နက်ကိုင် တိုက်ပွဲများကြောင့် မြို့တော်၏ နေရာ အတော်များများ ပိတ်ဆို့သွားခဲ့ရပြီး ထိုဖြစ်ရပ်သည် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ရန်လိုမှုကြောင့်ဖြစ်ကာ မည်သူ့ လက်ချက်ဖြစ်ကြောင်း ချက်ချင်း သိသာထင်ရှားခဲ့သည်။

ဆာအိဖ်ကို လုပ်ကြံခဲ့သည့် စစ်ဆင်ရေးသည် ကစ်ကလီကို လုပ်ကြံသည့် ဖြစ်ရပ်နှင့် လုံးဝတူညီခြင်း မရှိပေ။

ဆာအိဖ်၏ ဖြစ်စဉ်တွင် တိကျသေချာမှုနှင့် လုပ်ကြံမှုအပေါ် အသံတိတ်နေမှုက အခြား အင်အားစုတစ်ခုကို ညွှန်ပြနေသည်။

ဟက်ဖ်တာ၏ ဩဇာစက်ဝိုင်းအတွင်းရှိ ဝေဖန်သူများ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသူများနှင့် အနှောင့်အယှက် ဖြစ်စေ သော ပုဂ္ဂိုလ်များသည် အမြဲတစေ အသံတိတ် ဖယ်ရှားခြင်း ခံခဲ့ရဖူးပါသည်။

ဟက်ဖ်တာ၏ တပ်ဖွဲ့အတွင်းမှ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဆီး ရန် အလိုရှိနေသည့် မာမွတ် အယ်လ်ဝါဖာလီ (Mahmoud al-Werfalli) သည် ၂၀၂၁ ခုနှစ်တွင် ဘင်ဂါဇီမြို့၌ နေ့လည်ခင်းမှာပဲ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

စစ်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာကို တွေ့ရစဉ်

ထိုဖြစ်စဉ် အပြီးတွင်လည်း မည်သည့် စုံစမ်းစစ်ဆေးမှုမှ ပေါ်ပေါက်မလာခဲ့သလို အခြားသူများသည်လည်း အလားတူ ပုံစံမျိုးဖြင့် အသံတိတ် အရှင်းခံခဲ့ရသည်။

ထိုကဲ့သို့ စစ်ဆင်ရေးများသည် နယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရန် မလိုအပ်ပေ။

လုပ်ကြံသူများသည် လျှို့ဝှက်ကွန်ရက်များ၊ ခြိမ်းခြောက်မှုများနှင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိမည်ဆိုသည့် မျှော်လင့်ချက်တို့ အပေါ်တွင်သာ အမှီပြု လုပ်ဆောင်ကြခြင်း ဖြစ်သည်။

ထိုအချက်များထဲက တစ်ခုမှ ခိုင်မာသော သက်သေ အထောက်အထား မဟုတ်ပေ။ လစ်ဗျားနိုင်ငံတွင် ခိုင်မာသော သက်သေ အထောက်အထားကို ရရှိရန် ခက်ခဲသည်။

ထပ်တလဲလဲ ဖြစ်ပေါ်နေသော ပုံစံများကိုသာ တွေ့နိုင်သော်လည်း ၎င်းတို့၏ နောက်ကွယ်တွင် ခိုင်မာသော အစီအစဉ်များ ရှိနေတတ်ပါသည်။

ကဒါဖီ တည်ဆောက်ခဲ့သည့် နိုင်ငံရေးစနစ်သည် ၂၀၁၁ ခုနှစ်တွင် ပျောက်ကွယ်သွားခဲ့ခြင်း မဟုတ်ပေ။

ကဒါဖီ၏စနစ်ကို အစိတ်အပိုင်းများအဖြစ် ဖြတ်၊ ညှပ်၊ ကပ် ပြုလုပ်ကာ ပုံစံသစ်ဖြင့် ပြန်လည်အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။

ဟက်ဖ်တာသည် ထိုစနစ်၏ အကြွင်းအကျန်များဖြစ်သော မျိုးနွယ်စု အချင်းချင်း အထောက်အပံ့ပေးသည့် ကွန်ရက်များ၊ လုံခြုံရေးဆိုင်ရာ အဆင့်ဆင့်အုပ်ချုပ်မှု ယန္တရားများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို အခြေခံသည့် စီးပွားရေးစနစ်များအား ဆက်ခံကျင့်သုံးခဲ့ပြီး မိသားစု ကောင်းစားရေးကို ဦးစားပေးခဲ့သည်။

ထိုစနစ်ကို ဟက်ဖ်တာ၏ သားဖြစ်သူ ဆတ်ဒမ် ဟက်ဖ်တာ (Saddam Haftar)  ကွပ်ကဲသည့် Tariq bin Ziyad တပ်မဟာကဲ့သို့ အထူးကိုယ်ရံတော် တပ်ဖွဲ့ဖြင့် အခိုင်အမာ အကာအကွယ် ပေးထားသည်။

ဆတ်ဒမ်သည် ၎င်းဘာသာ တစ်ဖက်သတ် အမည်ပေးထားသော လစ်ဗျားအမျိုးသားတပ်မတော် (LNA) ၏ ဒုတိယစစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး ဖခင်ဖြစ်သူ ဟက်ဖ်တာ၏ နေရာကို ဆက်ခံရန် အလားအလာ အရှိဆုံးသူ ဖြစ်သည်။

ကဒါဖီ၏ သစ္စာခံဟောင်းများကို ထိုစနစ်သစ်အတွင်းမှ ဖယ်ထုတ်ထားခြင်း မရှိသော်လည်း ၎င်းတို့ကို မည်သည့် အခါမှ အပြည့်အဝ ယုံကြည်ခဲ့ခြင်း မရှိပေ။

ကဒါဖီလိုလားသော နိုင်ငံရေးသမားများနှင့် စစ်ဗိုလ်ချုပ်များကို ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် ဟက်ဖ်တာ၏ လက်အောက်သို့ ပြန်လာရန် တိုက်တွန်းခဲ့ပြီး တင်းကြပ်သော စည်းကမ်းချက်များ အောက်တွင်သာ ပြန်လည် လက်ခံခဲ့သည်။

ဥပမာအားဖြင့် တစ်ချိန်က ဆာအိဖ်၏ ညီဖြစ်သူ ခါမစ် (Khamis) ၏ နာမည်ကျော် အမှတ်-၃၂ တပ်မဟာ (32nd Brigade) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဟက်ဆန် ဇာဒ်မာ (Hassan Zadma) ကဲ့သို့သော ပုဂ္ဂိုလ်များကို ၎င်းတို့၏ အသုံးဝင်မှုကြောင့်သာ သိမ်းသွင်းခဲ့ခြင်းဖြစ်ပြီး မိတ်ဖက်များအဖြစ် ပူးပေါင်းခဲ့ခြင်း မဟုတ်ပေ။

ကဒါဖီ၏ သစ္စာခံများသည် ဟက်ဖ်တာ၏ ထိန်းချုပ်မှုကို ခြိမ်းခြောက်လာသည့် အခါမျိုးတွင်မူ ဘေးချိတ်ခံရခြင်း သို့မဟုတ် ၎င်းတို့၏ အဖွဲ့အစည်းများ ဖျက်သိမ်းခံရခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဆာအိဖ်မှာမူ ကဒါဖီ၏ အခြား သစ္စာခံဟောင်းများကဲ့သို့ ဟက်ဖ်တာ၏ အင်အားစုတွင် ပါဝင်ရန် ကမ်းလှမ်းခံရဖူး ခြင်း မရှိပေ။

ဆာအိဖ်သည် လက်ရှိစနစ်၏ ပြင်ပတွင်သာ ရှိနေခဲ့ပြီး အခြေအနေ တစ်ခုအရ သည်းခံစောင့်ကြည့်ခံနေရသူ သို့မဟုတ် ထိန်းချုပ်ခံထားရသူသာ ဖြစ်သည်။

သူသည် ၂၀၁၇ ခုနှစ်ကတည်းကပင် လုပ်ကြံသတ်ဖြတ် ခံရနိုင်သည့် ခြိမ်းခြောက်မှုအောက်တွင် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာကို တွေ့ရစဉ်

ဆာအိဖ်သည် ပြုပြင်ပြောင်းလဲရေးကို ကိုယ်စားပြုသူ မဟုတ်ပေ။ သူသည် လက်ရှိ အာဏာရှင်များ၏ နေရာကို အစားထိုးမည့် အာဏာရှင်လောင်း တစ်ဦးအဖြစ် ကိုယ်စားပြုနေခြင်း ဖြစ်သည်။

ဟက်ဖ်တာအတွက် ဆာအိဖ်၏ အန္တရာယ်မှာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အန္တရာယ်မျိုး ဖြစ်သည်။

ဟက်ဖ်တာသည် မဟာမိတ်အုပ်စုကို စုစည်းထားခြင်းမှာ အတွေးအခေါ် ဝါဒကြောင့် မဟုတ်ဘဲ အကျိုးခံစားခွင့် များ ခွဲဝေပေးမှုကြောင့်သာ ဖြစ်သည်။ 

ထိုအကျိုးခံစားခွင့်များကို ခွဲဝေရာတွင်လည်း ညီမျှမှု မရှိပေ။ အချို့သော မျိုးနွယ်စုများနှင့် လက်နက်ကိုင် အဖွဲ့ များသည် အခြားသူများထက် ပိုမိုရရှိနေကြသည်။

အကယ်၍ ဟက်ဖ်တာ သေဆုံးသွားခဲ့လျှင် ရသင့်သလောက် မရခဲ့ကြောင်း ခံစားနေရသူများသည် အာဏာ ဆက်ခံမှု အပြောင်းအလဲ ကာလကို ၎င်းတို့၏ ရပိုင်ခွင့်များအတွက် ပြန်လည်ညှိနှိုင်းရန် အခွင့်အရေး တစ်ခုအဖြစ် မြင်ကြလိမ့်မည်။ သို့မဟုတ်ပါက ပိုကောင်းသည့် ကမ်းလှမ်းချက် ပေးသူထံသို့ ဘက်ပြောင်းသွားကြလိမ့်မည်။

ဟက်ဖ်တာ လက်ထက်တွင် ရသင့်သလောက် မရခဲ့သည့် လက်နက်ကိုင်အဖွဲ့များကို ဆွဲဆောင်နိုင်လောက်သည့် သမိုင်းကြောင်းနှင့် မျိုးရိုးအမည် အရှိန်အဝါရှိသော တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ဆာအိဖ်ဖြစ်သည်။

သူသည် ဟက်ဖ်တာက ပုံစံသစ်ဖြင့် ပြန်လည် အသုံးပြုနေသည့် ဖခင်ဖြစ်သူ ကဒါဖီ၏ စနစ်ဟောင်းကို အမွေ ခံမည့်သူ ဖြစ်သည်။

ဆာအိဖ်သာ အာဏာရလာခဲ့လျှင် ထိုစနစ်ကို ဖျက်သိမ်းမည် မဟုတ်ပေ။ သူသည်လည်း ထိုအကျိုးခံစားခွင့် ခွဲဝေမှုနှင့် အာဏာရှင်ဆန်သော တုန့်ပြန်မှုများဖြင့်ပင် ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်သည်။ 

ထို့ကြောင့် စနစ်က အတူတူပင်ဖြစ်ပြီး အုပ်ချုပ်သည့် မိသားစုသာ ကွဲပြားသွားမည်ဖြစ်သည်။

ထိုအချက်ကပင် ဆာအိဖ်ကို ဟက်ဖ်တာ၏ လက်ရှိစနစ်အတွင်း နေရာပေးရန် အလွန်ခက်ခဲစေခဲ့ခြင်း ဖြစ်သည်။

ဆာအိဖ်ကို လုပ်ကြံမှု မဖြစ်ပွားမီ ၄၈ နာရီအလိုတွင် ဟက်ဖ်တာ၏ သားဖြစ်သူ ဆတ်ဒမ် ဟက်ဖ်တာသည် ထရီပိုလီအခြေစိုက် ကုလသမဂ္ဂ အသိအမှတ်ပြု အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၏ တူဖြစ်သူနှင့် လစ်ဗျား အမျိုးသား လုံခြုံရေးယန္တရား၏ အကြီးအကဲဖြစ်သူ အီဘရာဟင် ဒီဘီဘာ (Ibrahim Dbeibah) နှင့် ပဲရစ်မြို့ရှိ Elysee နန်းတော်တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်မျှ မရှိခဲ့ပေ။ 

သို့သော် ပေါက်ကြားလာသော သတင်းများအရ ဆွေးနွေးမှုတွင် အစီအစဉ် တစ်ခုတည်းသာ ရှိသည်ဟု ဆိုကြသည်။

ထိုအစီအစဉ်မှာ လစ်ဗျားရှိ ပြိုင်ဘက် အစိုးရနှစ်ဖွဲ့ဖြစ်သည့် စစ်ခေါင်းဆောင် ဟက်ဖ်တာ အစိုးရနှင့် ကုလ အသိ အမှတ်ပြု ဝန်ကြီးချုပ် ဒီဘီဘာ၏ အစိုးရအဖွဲ့တို့ကြား နောက်ထပ်တစ်ကြိမ် ကြားဖြတ်ညီညွတ်ရေးအစိုးရတစ်ရပ် ကို ထပ်မံ ဖွဲ့စည်းနိုင်မည် ဟုတ်၊ မဟုတ်ဆိုသည့် အချက်ဖြစ်သည်။
ထိုအစိုးရအောက်တွင် ဟက်ဖ်တာ၏ တပ်ဖွဲ့ (LAAF) ကို နိုင်ငံတော်၏ လက်အောက်သို့ တရားဝင် သွတ်သွင်းမည် ဖြစ်ပြီး၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကို ဟက်ဖ်တာ မိသားစုနှင့် ဒီဘီဘာ မိသားစုနှစ်ခုအကြား ခွဲဝေယူ ကြမည် ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲများကိုလည်း ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ထပ်မံရွှေ့ဆိုင်းသွားမည်ဖြစ်သည်။

လစ်ဗျားပြည်သူများသည် ၂၀၁၄ ခုနှစ်ကတည်းက မဲပေးခွင့် မရရှိခဲ့ကြပေ။

ကဒါဖီနဲ့ သားဖြစ်သူ ဆာအိဖ်ကို တွေ့ရစဉ်

ထို့ပြင် မအောင်မြင်ခဲ့သော အာဏာလွှဲပြောင်းရေး အစီအစဉ်များ၊ ဖောက်ဖျက်ခံခဲ့ရသော ရွေးကောက်ပွဲ ကတိ ကဝတ်များနှင့် လူဟောင်းများကိုသာ အာဏာတည်မြဲစေရန် ရည်ရွယ်သည့် ကြားဖြတ် အစီအစဉ်သစ်များကြောင့် လူထုကြား မကျေနပ်ချက်များသည် ပိုမိုကြီးမားလာခဲ့သည်။

ပဲရစ်တွင် ညှိနှိုင်းခဲ့သည့် ဟက်ဖ်တာနှင့် ဒီဘီဘာ မိသားစုနှစ်ခုအကြား အာဏာခွဲဝေမှုသည် လူထု၏ ဒေါသကို မီးတောင် ပေါက်ကွဲသကဲ့သို့ ဖြစ်စေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် ဆာအိဖ် အနေဖြင့် ရွေးကောက်ပွဲတွင် မူဝါဒ လမ်းစဉ်များကို အထူးတလည် ချပြနေရန်ပင် မလိုဘဲ မဲစာရင်းတွင် ပါဝင်နေရုံဖြင့် ဟက်ဖ်တာနှင့် ဒီဘီဘာတို့ကို မုန်းတီးနေသည့် လူထု၏ မဲများကို သိမ်းကြုံး ရယူနိုင်မည်ဖြစ်သည်။

အကောင်အထည် ပေါ်လာခဲ့ခြင်း မရှိသည့် ၂၀၂၁ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဆာအိဖ်သည် ဟက်ဖ်တာထက် လူထုထောက်ခံမှုနှုန်း သိသိသာသာ များပြားခဲ့သည်။

ဆာအိဖ်သည်လည်း အာဏာရှင်ကဲ့သို့ အုပ်ချုပ်လိမ့်မည်ဖြစ်သဖြင့် လစ်ဗျားပြည်သူများသည် အာဏာရှင်များကြား ရွေးချယ်ရမည်ဆိုပါက လက်ရှိ အာဏာရှင်များဖြစ်သည့် ဟက်ဖ်တာနှင့် ဒီဘီဘာတို့၏ စနစ်ကို ဆန့်ကျင်သည့် အာဏာရှင် (ဆာအိဖ်) ကိုသာ ရွေးချယ်မည်ဖြစ်သည်။

ဆာအိဖ်ကို ထိုအာဏာခွဲဝေမှု အစီအစဉ်သစ် အတွင်းသို့ ဆွဲသွင်းခဲ့မည်ဆိုပါက ဟက်ဖ်တာနှင့် ဒီဘီဘာတို့ နှစ်ဖက် စလုံးအတွက် မတည်မငြိမ် ဖြစ်စေမည်ဖြစ်ပြီး ဆာအိဖ်ကို ချန်လှပ်ထားခဲ့မည်ဆိုပါကလည်း ဆာအိဖ်သည် လက်ရှိ စနစ်ကို မကျေနပ်သည့် လစ်ဗျားပြည်သူတိုင်း၏ ဒေါသကို ဖော်ထုတ်မည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာပေလိမ့် မည်။

ဆာအိဖ် အသတ်ခံရပြီး ၅ ရက်အကြာတွင် ဆာအိဖ်၏ မျိုးနွယ်စုဝင်များသည် ဆာအိဖ်ကို ဖခင်ဖြစ်သူ၏ သစ္စာခံ များ ကြာရှည်စွာ အခြေစိုက်ခဲ့သည့် ဘာနီ ဝါလစ် (Bani Walid) မြို့၌ သင်္ဂြိုဟ်ခဲ့ကြသည်။

ဆာအိဖ်၏ မျိုးနွယ်စုဝင်များက ဆာအိဖ်၏ဖခင် ကဒါဖီ မျိုးနွယ်စုများ အခြေစိုက်ရာ ဆာတီ (Sirte) မြို့တွင် သင်္ဂြိုဟ်ရန် ဆန္ဒရှိခဲ့သော်လည်း ဟက်ဖ်တာ၏ တပ်ဖွဲ့များက ခွင့်မပြုခဲ့ပေ။

ဆာအိဖ်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဧည့်ခံပွဲများကိုလည်း ပိတ်ပင်ခဲ့သလို၊ လူထု၏ ငိုကြွေးပူဆွေး မှုများကိုလည်း တားဆီးခဲ့သည်။

ဆာအိဖ်သည် အသက်ရှင်ချိန်ကတည်းက မည်သည့်နေရာတွင် နေထိုင်ရမည်။ မည်သူ့ကို တွေ့ဆုံရမည်။ မည်သည့် အချိန်တွင် စကားပြောရမည်ဆိုသည့် အသွားအလာ၊ အနေအထိုင်၊ အပြောအဆိုတို့ ထိန်းချုပ်ခံရပြီး ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ရသူဖြစ်သည်။

ယခုအခါတွင်လည်း သူ မည်သည့် နေရာတွင် သေဆုံးရမည်ကို လုပ်ကြံသူများက ဆုံးဖြတ်ခဲ့ကြပြီး ၎င်း၏ ရုပ် အလောင်းကို မည်သည့်နေရာ၌ မြှုပ်နှံရမည်ကို နိုင်ငံရေးပြိုင်ဘက်များက ဆုံးဖြတ်ခဲ့ကြသည်။

ထိုလုပ်ကြံမှုတွင် မည်သူ့ကိုမျှ ဖမ်းဆီး အရေးယူခြင်း မရှိခဲ့သလို နောက်လည်း ရှိလာမည်မဟုတ်ပေ။

လစ်ဗျားနိုင်ငံတွင် လုပ်ကြံမှုတစ်ခု ဖြစ်ပြီးတိုင်း အသံတိတ်နေခြင်းသည် အဖြေမရှိခြင်းကြောင့် မဟုတ်ပေ။ 

ထိုကဲ့သို့ အသံတိတ်နေမှုကပင် အဖြေတစ်ခုဖြစ်နေသည်။

Source: အယ်လ်ဂျာဇီးယား