CNI International News
ထရီပိုလီ၊ ဖေဖော်ဝါရီ ၅
လစ်ဗျားနိုင်ငံ၏ ကွယ်လွန်သွားပြီဖြစ်သည့် အာဏာရှင်ဟောင်း မိုအာမာ ကဒါဖီ (Moammar Gadhafi) ၏ သားဖြစ်သူ ဆိဖ် အယ်လ်အစ္စလမ် ကဒါဖီ (Seif al-Islam Gadhafi) သည် အသ-တ်ခံ လိုက်ရကြောင်း လစ်ဗျား အစိုးရ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
အသက် ၅၃ နှစ်အရွယ်ရှိ ဆိဖ် အယ်လ်အစ္စလမ်သည် ထရီပိုလီ (Tripoli) မြို့တော်၏ အနောက်တောင်ဘက် ၁၃၆ ကီလိုမီတာ (၈၅ မိုင်) အကွာရှိ ဇင်တန် (Zintan) မြို့တွင် အသ-တ်ခံခဲ့ရခြင်းဖြစ်ကြောင်း လစ်ဗျားရှေ့နေချုပ်ရုံး က ထုတ်ပြန်ခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ ဆိဖ် အယ်လ်အစ္စလမ်သည် သေနတ်ဖြင့် ပ-စ်သ-တ် ခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဆိဖ် အယ်လ်အစ္စလမ်၏ ရှေ့နေဖြစ်သူ ခါလက် အယ်လ်ဇိုင်ဒီ (Khaled al-Zaidi) ကလည်း ထိုသေဆုံးမှုကို အတည်ပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၄ ဦးသည် ဆိဖ် အယ်လ်အစ္စလမ်၏ နေအိမ်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး သူရဲဘောကြောင်စွာ လုပ်ကြံ သ-တ် ဖြတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိဖ် အယ်လ်အစ္စလမ်၏ နိုင်ငံရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ကဒါဖီရဲ့ သားကို တွေ့ရစဉ်
၁၉၇၂ ခုနှစ်၊ ဇွန်လတွင် ထရီပိုလီမြို့၌ မွေးဖွားခဲ့သော ဆိဖ် အယ်လ်အစ္စလမ်သည် ကဒါဖီ၏ ဒုတိယမြောက်သား ဖြစ်သည်။
သူသည် လန်ဒန်စီးပွားရေးတက္ကသိုလ် (LSE) တွင် ဒေါက်တာဘွဲ့ (Ph.D.) အတွက် ပညာသင်ကြားခဲ့ပြီး ကဒါဖီ အစိုးရအတွင်း ပြုပြင်ပြောင်းလဲရေးကို လိုလားသော ခေါင်းဆောင်သစ်အဖြစ် ရှုမြင်ခံခဲ့ရသူဖြစ်သည်။
ကဒါဖီသည် လစ်ဗျားတွင် နှစ်ပေါင်း ၄၀ ကျော် အာဏာစွဲကိုင် ထားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၌ နေတိုး၏ ကျောထောက် နောက်ခံပြုထားသည့် လူထုအုံကြွမှုနှင့်အတူ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း အသ-တ် ခံခဲ့ရသည်။
ထိုအချိန်မှစပြီး လစ်ဗျားနိုင်ငံသည် ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိခဲ့ပြီး ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့စစ်များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။
Source: အေပီ
