CNI International News

ကိုင်ရို၊ မေလ ၁၇

လစ်ဗျားအစိုးရနှစ်ခုမှ တစ်ခုသည် ၎င်းတို့၏ ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်ဆိုင်းရန်၊ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် အင်္ဂါနေ့တွင် မဲပေးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သည် အစိုးရ၏ ရည်ရွယ်ချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု စွပ်စွဲခံထားရသည်။

အောက်လွှတ်တော်ဟု ထင်ရှားသော လစ်ဗျားအရှေ့ပိုင်း အခြေစိုက် လွှတ်တော်တွင် ဖာသီ ဘာရှက်ဂါ (Fathi Bashagha) က ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဖာသီဘာရှက်ဂါသည် တိုဘရက် ( Tobruk) တွင် လုပ်ငန်း ဆောင်ရွက်သည်။

အင်္ဂါနေ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်သည် မကြာခင် အချိန်တွင် တရားဝင်ကြေညာချက် တစ်စောင် ထုတ်ပြန်သွားမည်ဟု ဘာရှက်ဂါ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

AP က ရရှိထားသော ကြေညာချက် တစ်စောင်တွင် လွှတ်တော်၏ ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူလာ ဘယ်ဟစ် (Abdullah Belhaiq) က ဘာရှက်ဂါသည် ပြိုင်ဘက်အစိုးရ အခြေစိုက်ရာ မြို့တော် ထရိုပိုလီ (Tripoli)သို့ ဝင် ရောက်ရေး အစိုးရ၏ကတိကို တည်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဟု ဝေဖန်ထားသည်။

ဘာရှက်ဂါသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသူဖြစ်ကာ ပြီးခဲ့သည့် မေလ၌ အစိုးရအား မြို့တော်တွင် အခြေစိုက်နိုင်ရန် ကြိုးပမ်းမှုအဖြစ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ထရိုပိုလီသို့ ရောက်ရှိခဲ့သည်။

ပြိုင်ဘက် ဝန်ကြီးချုပ် အဗ္ဗဒူ ဟာမစ် ဒိုင်ဘာ့ကို တွေ့ရစဉ်

သို့သော် ပြိုင်ဘက် လက်နက်ကိုင်များအကြား ပဋိပက္ခများ ပေါ်ပေါက်လာခြင်းကြောင့် မကြာခင်မှာပင် ဆာတီ (Sirte) သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။

၂၀၀၁ ခုနှစ်မှ စတင်ခဲ့သည့် ပြည်တွင်းစစ်ဒဏ်သင့် လစ်ဗျားတွင် အစိုးရနှစ်ရပ်ရှိသည်။ တစ်ခုချင်းစီကို နိုင်ငံတကာ ထောက်ပံ့သူများနှင့် မြေပြင် လက်နက်ကိုင်အဖွဲ့ အသီးသီးက ထောက်ခံကြသည်။

ထရိုပီလီ အခြေစိုက်လစ်ဗျား အစိုးရကို ဝန်ကြီးချုပ် အဗ္ဗဒူ ဟာမစ် ဒိုင်ဘာ့ (Abdul Hamid Dbeibah) က ဦးဆောင်သည်။

ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ အောက်လွှတ်တော် အမတ်တစ်ဦးက မကြာခဏ မေးလေ့ ရှိသည်ဟု ဘယ်ဟစ်က ပြောသည်။

သို့သော် ဘာရှက်ဂါ၏ တရားသော စွပ်စွဲခံရမှုများနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။

အောက်လွှတ်တော်၏ ဘဏ္ဍာရေးဝန်ကြီး အိုစမန် ဟာမာဒါ (Osama Hamada)က ဝန်ကြီးချုပ် တာဝန်ကို လွဲပြောင်းရယူသွားမည်ဟုလည်း ၎င်းကပြောသည်။

ဝန်ကြီးချုပ် ဘာရှက်ဂါက ၎င်း၏ တာဝန်များကို လက်ထောက်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးနေသည်ဟု အင်္ဂါနေ့ အစောပိုင်းတွင် လွှတ်တော်၌ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုမူ မဖော်ပြထားပေ။

ဝန်ကြီးချုပ်သည် ခါလီဖာဟစ်ဖ်တာ (Khalifa Hifter) အတွက် အသုံးမဝင်တော့ခြင်းကြောင့် ယခုကဲ့သို့ ရာထူးမှ ရပ်ဆိုင်းခံရခြင်းဟု လစ်ဗျားအရေး ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

လစ်ဗျားအတွက် အလံကို လွှင့်ထူနေစဉ်

ခါလီဖာဟစ်ဖ်တာသည် လစ်ဗျား အမျိုးသားစစ်တပ်ပုံစံ လက်နက်ကိုင်တပ်ဖွဲ့၏ တပ်မှူးဖြစ်ကာ ၎င်းတို့သည် နိုင်ငံ၏ အရှေ့နှင့်တောင်ပိုင်းမှ လက်နက်ကိုင် တပ်ဖွဲ့များကို လွှမ်းမိုးထားသည်။

ဟစ်ဖ်တာနှင့် သူ၏မိသားစုတို့သည် ထရိုပိုလီတွင် ပိုမိုလွှမ်းမိုးမှု ရရှိရေးအတွက် ကြိုးပမ်းလျက်ရှိပြီး အနောက် ဘက် အခြေစိုက်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပုံမှန်လုပ်ဆောင်လေ့ ရှိသူ ဖြစ်သည်။

လစ်ဗျားအရေးဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်က ၂၀၂၃ ခုနှစ် မကုန်ခင် နိုင်ငံတွင်း၌ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်သည့် ဆောင်ရွက်ချက် အသစ်တစ်ခုကို ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထိုအစီအစဉ်တွင် လွှတ်တော်နှစ်ရပ် စလုံးသည် ရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲဥပဒေ ရေးဆွဲရေး ပူးတွဲကော်မတီ တစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့သော်လည်း ယင်းနှင့် ပတ်သက်သည့် တိုးတက်မှုများမှာ နှေးကွေးလျက်ရှိသည်။

Source: AP