CNI International News

ဆစ်ဒနီ၊ မေလ ၁၈

လာမည့် သီတင်းပတ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ (Sydney) မြို့တွင် တွေ့ဆုံမည့် အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန် တို့မှ ခေါင်းဆောင်များ၏ Quad(ကွက်စ်) ညီလာခံကို ဖျက်သိမ်းခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြသည်။

အမေရိကန်သမ္မတ၏ အာရှခရီးစဉ်ကို လျှော့ချလိုက်ခြင်းကြောင့် ဖြစ်သည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီ (Anthony Albanese) က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

ဂျပန်နှင့် တွေ့ဆုံဆွေးနွေးပွဲများကိုတော့ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဘိုင်ဒန်သည် မေလ ၂၄ ရက်တွင် အယ်ဘာနက်ဆီ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi)၊ ဂျပန်ဝန်ကြီးချုပ် ဖူမီအို (Fumio) တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ တရားဝင် မဟုတ်သော ဆွေးနွေးပွဲမျိုး ကျင်းပသွားရန် ဖြစ်သည်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီကို တွေ့ရစဉ်

အနားကပ်မှ ဖျက်သိမ်းလိုက်ခြင်းကြောင့် ဘိုင်ဒန်၏ ပါပူးအာ နယူးဂီနီ (Papua New Guinea) ၏ ခရီးစဉ်လည်း ဖျက်သိမ်းလိုက်ရပြီ ဖြစ်သည်။

ထိုခရီးစဉ်များသည် တရုတ်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ပစိဖိတ်ဒေသနှင့် လုံခြုံရေးဆိုင်ရာ အဆက် အသွယ်များကို မြှင့်တင်ရန် အမေရိကန်ဘက်က ကြိုးပမ်းခြင်း ဖြစ်သည်။

သို့သော် အမေရိကန်၏ ပြည်တွင်း နိုင်ငံရေးအခြေအနေက အမေရိကန်သမ္မတ တစ်ဦး၏ အာရှဒေသသို့ အထင်ကရ ခရီးစဉ်အား လျော့ကျစေခဲ့သည်။

ဘိုင်ဒန်၏ မူလအစီအစဉ်သည် အာရှဒေသသို့ တစ်ပတ်ကြာ ခရီးစဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ဆစ်ဒနီ ညီလာခံသို့ တက်ရောက်ရန် ပါဝင်သည်။

G-7 ခေါင်းဆောင်များ ညီလာခံအတွက် ဂျပန်နိုင်ငံ ဟီရိုရှီးမား (Hiroshima) မြို့မှ စတင်မည်ဖြစ်သည်။

ထို့နောက်တွင် ပါပူးအာနယူးဂီနီသို့သွားကာ ပစိဖိတ်ကျွန်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဖြစ်သည်။

ဘိုင်ဒန်ကိုတွေ့ရစဉ်

သြစတြေးလျ ခရီးစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း ဘိုင်ဒန်သည် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ဂျပန်သို့ သွားရောက် မည် ဖြစ်သည်ဟု အိမ်ဖြူတော်က အင်္ဂါနေ့တွင် အတည်ပြုပေးခဲ့သည်။

ဂျပန်သို့ ခေါင်းဆောင် လေးဦးစလုံး သီတင်းပတ် ကုန်ပိုင်းတွင် ရောက်ရှိမည်ဖြစ်ကာ ယင်းတွင် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဟု အယ်လ်ဘာနက်ဆီက ဗုဒ္ဓဟူးနေ့တွင် ပြောသော်လည်း အချိန်ကိုတော့ အတည်မပြုခဲ့ပေ။ Quad သည် အရေးပါသော အဖွဲ့ဖြစ်ကြောင်း၊ ယင်းသည် ခေါင်းဆောင်အဆင့်တွင် ပေါ်ပေါက်လာသည်ကို သေချာ စေလိုကြောင်း၊ သီတင်းပတ်ကုန်ပိုင်းတွင် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြစတြေးလျ ခေါင်းဆောင်က ပြောသည်။

ဂျပန် တွေ့ဆုံပွဲသည် Quad အဖွဲ့ခေါင်းဆောင်များ၏ တတိယမြောက် လူချင်းတွေ့ဆုံမှု ဖြစ်လာမည်လည်း ဖြစ်သည်။

Quad အဖွဲ့ကို လွန်ခဲ့သော ၁၅ နှစ်ကျော် ကတည်းက တည်ထောင်ထားခဲ့သော်လည်း ယင်းသည် နောက်ပိုင်း နှစ်များတွင် ပို၍ ထင်ရှားလာခဲ့သည်။

တွေ့ဆုံပွဲတွင် ခေါင်းဆောင်များသည် နည်းပညာပိုင်းမှစ၍ ရာသီဥတု ပြောင်းလဲမှုနှင့် ရေကြောင်းပိုင်နက်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဟု ပြီးခဲ့သည့်နှစ် အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြ ခဲ့ဖူးသည်။

Source: CNN