CNI International News

ဆစ်ဒနီ၊ မေလ ၂၄

လာမည့် ငါးနှစ်အတွင်း အိန္ဒိယ-သြစတြေးလျ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကို နှစ်ဆမြှင့်တင်ရန် ရည်မှန်းထား သည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi)က မေလ ၂၃ ရက်နေ့ သြစတြေးလျ ခရီးစဉ်တွင် ပြောကြားခဲ့သည်။

မိုဒီ၏ မေလ ၂၃ ရက်နေ့ ခရီးစဉ်သည် အိန္ဒိယခေါင်းဆောင်အဖြစ် ဒုတိယကြိမ်မြောက် သြစတြေးလျခရီးစဉ် လည်း ဖြစ်သည်။

သြစတြေးလျသို့ အလည်အပတ် ရောက်ရှိလာသော အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi)အား ဆစ်ဒနီ အားကစားကွင်းတွင် လူပေါင်း ၂၀၀၀၀ ခန့်က ကြိုဆိုခဲ့ကြသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
မိုဒီအား ထောက်ခံသူများက သူ၏နာမည်ကို သံပြိုင်အော်ဟစ် ကြိုဆိုခဲ့ကြပြီး သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီ (Anthony Albanese) က Qudos Bank အားကစားကွင်းတွင်းမှ မိုဒီအား ကြိုဆိုပုံကို အမေရိကန်ရော့ခ်စတား ဘရုစ် စပင်စတင်း (Bruce Springsteen) အား ကြိုဆိုပုံနှင့် ခိုင်းနှိုင်း အရွှမ်းဖောက် ခဲ့သည်။

 မိုဒီနဲ့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနက်ဆီကို တွေ့ရစဉ်

ဝန်ကြီးချုပ်မိုဒီသည် ဆရာကြီးဖြစ်သည်ဟုလည်း သြစတြေးလျဝန်ကြီးချုပ်က ဗြိတိန်အဆိုတော်၏ နာမည်ပြောင် ကို အသုံးပြုကာ ပြောဆိုခဲ့သည်။

ကြိုဆိုသူများနှင့် တွေ့ဆုံရာတွင် မိုဒီက လာမည့် ငါးနှစ်အတွင်း အိန္ဒိယ-သြစတြေးလျ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ကို နှစ်ဆမြှင့်တင်ရန် ရည်မှန်းထားသည်ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ မဟာဗျူဟာမြောက် နည်းပညာများ၊ မှီခို၍ရသော ထောက်ပံ့ ရေး လုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးစသော ကဏ္ဍများတွင် နှစ်နိုင်ငံ အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုများ မြင့်တက်လာသည်ဟု မိုဒီက ပြောသည်။

ယင်းသည် သံရေးတမံရေး နည်းလမ်းများကြောင့် မဟုတ်ဘဲ သြစတြေးလျတွင် နေထိုင်သည့် အိန္ဒိယသားများ ကြောင့် ဖြစ်သည်ဟုလည်း မိုဒီက ပြောသည်။

မိုဒီ၏ ခရီးစဉ်အတွင်း မိုဒီအား ကြိုဆိုပါသည် ဆိုသည့် စာတန်းကို ဆစ်ဒနီမြို့ ကောင်းကင်ယံတွင် ဖော်ကျူးခဲ့သည်။

မိုဒီနဲ့ ထောက်ခံသူများကိုတွေ့ရစဉ်

ယင်းက ဆစ်ဒနီမြို့၏ အသက် ၇၂ နှစ်အရွယ် မိုဒီအပေါ် ချစ်ခင်မြတ်နိုးမှုကိုလည်း ဖော်ပြနေသည်။

အိန္ဒိယမှ ရွှေ့ပြောင်း နေထိုင်သူများသည် သြစတြေးလျ လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသော်လည်း ယင်းတို့သည် နိုင်ငံတွင်း၌ လူဦးရေ တိုးပွားမှုအများစု လူနည်းစုများ ဖြစ်သည်။

မိုဒီသည် အစီအစဉ်အတိုင်း သြစတြေးလျသို့ ရောက်ရှိလာသည့် Quad အဖွဲ့၏ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ (Fumio Kishida) တို့သည် သြစတြေးလျသို့ လာရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းသွားခဲ့သည်။

လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး အထောက်အကူ ဖြစ်စေရန် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပိုမိုနီးကပ်သော ဆက်ဆံရေးများ အပါအဝင် နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်တစ်ဆင့်သို့ မြှင့်တင် လိုသည်ဟု မိုဒီက ပြောသည်။

Source:AP