CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၄

လျှပ်စစ်ကား၊ ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ပြည်ပမှ အစိတ်အပိုင်းများ တင်သွင်းပြီး ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည်ဟု သိရသည်။

လျှပ်စစ်ကား Hijet အစီးရေ ၁၀၀၀ ကျော်နှင့် သုံးဘီးဆိုင်ကယ် အစီးရေ ၅၀၀၀ ကျော်ကို ထုတ်လုပ်ရန် ပြင်ဆင် နေသည်ဟု လျှပ်စစ်ကား တပ်ဆင်ထုတ်လုပ်မည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆရာတို့က Hijet ရယ်၊ မီနီအိုးဝေရယ်၊ သုံးဘီးဆိုင်ကယ်ရယ်၊ နောက်ပြီးတော့ ဆိုင်ကယ် အစားထိုး၊ ဘေးဆိုက်တွဲ အစားထိုး ယာဉ်တစ်မျိုးပေါ့၊ နောက်ပြီးတော့ ၂ ဘီးဆိုင်ကယ်ပေါ့ ၄ မျိုးတော့ ထုတ်ဖို့ ရှိပါတယ်။ ၃ ဘီးကတော့ များမယ်ဗျ။ ၃ ဘီးကတော့ ဈေးကွက် လိုအပ်ချက်အရ အစီး ၅၀၀၀ ကျော်လောက် ထုတ်ဖို့ ရှိမှာပေါ့။ Hijet ကတော့ ၁၀၀၀ ကျော်လောက် ရှိမှာပေါ့။ ပထမအဆင့်တော့ SKD ပေါ့။ တဖြည်းဖြည်းတော့ ပြည်တွင်း ထုတ်လုပ်မှု အချိုးအစားတွေ ပေါင်းစပ်ပြီးတော့ ထုတ်သွားမှာပေါ့နော်” ဟု ပြောသည်။

လျှပ်စစ် ဆိုင်ကယ်ကိုတွေ့ရစဉ်

ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်မည့် လျှပ်စစ်ကားနှင့် သုံးဘီးဆိုင်ကယ်များ၌ ဆိုလာဖြင့် အားသွင်းနိုင်သည့် စနစ် ပါဝင်ကြောင်း၊ ထို့နောက် မိမိတို့အိမ်တွင်း အားသွင်းနိုင်သည့် စနစ်လည်း ထည့်သွင်းသွားမည်ဟု သိရသည်။

သို့သော်လည်း မိမိတို့အိမ်တွင် အားသွင်းမည်ဆိုပါက အားပြည့်နိုင်သည့် အချိန်ကာလသည် ကြာမြင့်ကြောင်း၊ အထပ်မြင့် တိုက်ခန်းနေသူများအနေဖြင့် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း၊ အားသွင်းရုံတွင် အားသွင်းမည်ဆိုပါ က အချိန် ၁ နာရီဖြင့် အားပြည့်နိုင်သည်ဟု လျှပ်စစ်ကား တပ်ဆင်ထုတ်လုပ်မည့်သူထံမှ သိရသည်။

ထို့ကြောင့် လျှပ်စစ်ကားအတွက် အားသွင်းရုံများ တည်ဆောက်ရေး၊ ပြုပြင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ် ချက်များ ရှိနေသေးကြောင်း၊ ထိုလိုအပ်ချက်များကို ဖြေရှင်းနိုင်မှ အဆင်ပြေမည်ဖြစ်ကြောင်း ကားဈေးကွက် လေ့လာသူများနှင့် လုပ်ငန်းရှင်များက ဝေဖန်နေကြသည်။

ပြည်တွင်းတွင် လျှပ်စစ်ကားကို တပ်ဆင် ထုတ်လုပ်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည့် အပြင် နည်းပညာများလည်း ရရှိလာမည်ဟု ကားမူဝါဒ ကျွမ်းကျင်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

လျှပ်စစ် သုံးဘီးဆိုင်ကယ်ကို တွေ့ရစဉ်

၎င်းက “ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ်ဆိုရင် ဘယ်ကပဲလုပ်လုပ် အစ်ကိုတို့က ကြိုဆိုရမှာပေါ့နော်။ နောက်တစ်ခုက ဘာအကျိုးအမြတ် ရမလဲဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရတဲ့အပြင်မှာ နည်းပညာ ပေါ့နော် လျှပ်စစ်ကားတွေ ပြောမယ်ဆိုရင် လျှပ်စစ်ကားရဲ့ သဘောသဘာဝ ဥရောပနိုင်ငံတွေမှာလည်း ရှိတာ ပေါ့နော်။ ပြည်တွင်းကတော့ အခုမှ ထဲထဲဝင်ဝင် တကယ့်ကို လုပ်လာတဲ့ အခြေအနေမျိုးမှာ ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်တာမျိုးက ကောင်းတယ်။ တစ်ခုပဲ ပြန်ပြီးစဉ်းစားရမှာက ပြည်တွင်းမှာထုတ်တဲ့ လျှပ်စစ်ကား တွေသည် ပြည်ပကနေ သွင်းလာတဲ့ လျှပ်စစ်ကားတွေရဲ့ Quality Control ပေါ့နော် လောက်လောက်လားလား ဖြစ်ပါ့မလား၊ နိုင်ပါ့မလားဆိုတဲ့ အရာတစ်ခုကိုတော့ ပြန်ချိန်ကြည့်ရမှာပေါ့နော်။ ဒါပေမယ့် မလုပ်သေးခင်ကနေ စပြီးတော့ အပျက်သဘောဆောင်တဲ့ စကားမျိုး ပြောနေတာတော့ သိပ်မကောင်းဘူး။ ဈေးကွက်အနေနဲ့ ပြောမယ် ဆိုလည်း ပြည်ပကနေ သွင်းတာထက်စာရင် ကိုယ့်ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တာ ဖြစ်တဲ့အတွက် ပြည်ပ နိုင်ငံခြားသုံးငွေလည်း လျော့သွားနိုင်သလို ပြည်တွင်းမှာလည်း ဒါက အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပြန် ရတယ်။ ကောင်းကျိုးတွေကတော့ အများကြီးပါပဲ”ဟု ပြောသည်။

လက်ရှိ EV ကားတစ်စီး၏ ရောင်းစျေးသည် ဖြစ်သင့်သည့်စျေးထက် ကားတစ်စီးလျှင် သိန်း ၁၀၀ မှ သိန်း ၁၅၀ ပို၍ များနေကြောင်း၊ ထို့ကြောင့် အများပြည်သူ အသုံးပြုနိုင်သည့် ဈေးတန်းတစ်ခု ဖြစ်ရန်အတွက် တပ်ဆင်ထုပ်လုပ်ရန် လိုအပ်ကြောင်း ကားမူဝါဒ ကျွမ်းကျင်သူများက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း၌ စက်သုံးဆီသုံး မော်တော်ယာဉ်များအတွက် ရပ်နားရန် ကားပါကင်များ အခက် အခဲများ ရှိနေခြင်းကြောင့် လျှပ်စစ်ကားများ ဝင်ရောက်လာမည်ဆိုပါက ပို၍ အခက်အခဲ ဖြစ်ပေါ်လာနိုင်သည်ဟု ပြောဆိုမှုများလည်း ရှိသည်။