CNI News 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

လျှပ်စစ်ဓာတ်အားခစျေးနှုန်း အပြောင်းအလဲများကြောင့် EV Charging Station များတွင် အားသွင်းခ ၁ ယူနစ် လျှင် ယခင် ၄၀၀ ကျပ်မှ ယခု ၁၀၀၀ ကျပ်အထိဖြစ်လာကြောင်း ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် EV တက္ကစီ ယာဥ်မောင်းများထံမှ သိရသည်။

အားသွင်းခများ နှစ်ဆကျော် မြင့်တက်လာမှုကြောင့် Owner ကြေးများ မြင့်တက်လာမည်ကိုလည်း စိုးရိမ်နေကြ သည်။

ထိုသို့ တိုးလာလျှင် ကားအား ဆက်လက်ပြေးဆွဲရန် အဆင်မပြေတော့ကြောင်း ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသည့် EV တက္ကစီယာဥ်မောင်း ကိုအောင်ကိုနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "အခုလောလောဆယ်တောင် Daily က တစ်ရက် ၆၅၀၀၀ ပေးရတယ်ဗျာ။ ကျနော်တို့ ယာဥ်မောင်းတွေ ကလည်း စားတာ၊ သောက်တာ အနည်းဆုံး ၅၀၀၀၊ ၁၀၀၀၀ လောက်ကုန်တယ်။ အဲမှာတင် ၇၅၀၀၀ လောက်ဖြစ် နေပြီ။ အိမ်စရိတ် ၂၀၀၀၀ ပေးဖို့ဆိုရင်တောင် ကျနော်တို့ ၉၅၀၀၀ လောက်ရမှ အဆင်ပြေမှာ။ ခုလောလောဆယ် လက်ရှိအခြေအနေတောင် ၉၀၀၀၀၊ ၁၀၀,၀၀၀ ရှာနေရတာဗျာ။ ဒီထက် ထပ်တိုးရင်တော့ အဆင်မပြေလောက် ဘူး။ ဒီခေတ်ကာလကြီးမှာ တစ်ရက် ၉၀၀၀၀၊ ၁၀၀,၀၀၀ ရအောင်ရှာဖို့ဟာကတော့ နည်းနည်း မလွယ်ဘူးဗျ။ ပြီးတော့ order တွေဘာတွေ ချပေးတာ မရှိဘူးပေါ့နော်။ ကိုယ်အဆင်ပြေသလိုပဲ ဆွဲနေရတာပါ" ဟု ပြောသည်။

EV တက္ကစီသမားများအနေဖြင့် ကုမ္ပဏီမှ တစ်ရက်လျှင် ၆၅၀၀၀ ခန့်ဖြင့် ထုတ်ယူပြေးဆွဲနေတာဖြစ်ပြီး မနက် ၆ နာရီ ကားထုတ်လာလျှင် ညနေ ၆ နာရီအ‌ရောက် ပြန်အပ်ရသောကြောင့် တစ်နေ့လျှင် ပြေးဆွဲချိန် ၁၂ နာရီရှိ ကြောင်း အဆိုပါယာဥ်မောင်းထံမှ သိရသည်။

 EV တက္ကစီများကို တွေ့ရစဥ်

ယခင် အားသွင်းခ တစ်ယူနစ် ၄၀၀ ကျပ် အချိန်၌ ကုမ္ပဏီနှင့် စာချုပ်ချုပ်ထားသော EV တက္ကစီ ယာဥ်မောင်းများ အနေဖြင့် ယခု အားသွင်းခ တစ်ယူနစ် ၁၀၀၀ ကျပ် ဖြစ်သွားချိန်တွင် Owner ကြေးများ တိုးလာမည်ကို စိုးရိမ်နေ ကြသည်။

လက်ရှိ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော EV တက္ကစီသမားများသည် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်နှင့် ဒဂုံဧရာအဝေး‌ပြေး ကားဂိတ်များ၌ရှိသည့် အားသွင်းနေရာများတွင် ညဘက်အားသွင်းထားခဲ့ကာ မနက်ခင်းမှ ထုတ်ယူပြေးဆွဲနေခြင်းဖြစ်သည်။

EV တက္ကစီများ သီးသန့်ထိုင်သော ဂိတ်များ လက်ရှိတွင် မရှိသေးသော်လည်း ကားအငှားချပေးသော ကုမ္ပဏီများ အနေဖြင့် EV တက္ကစီ သီးသန့်ခေါ်ရန် အက်ပလီကေးရှင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အတူ သီးသန့်ခေါ်ချင်ပါက ၁ ရက် ကြိုတင်၍ ချိတ်ဆတ်ရပြီး EV တက္ကစီ စီးနင်းခများ အနေဖြင့်လည်း ခရီးအကွာအဝေးနှင့် အချိန်ကိုကြည့်ကာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် EV တက္ကစီကားများသည် ပုံမှန်တက္ကစီများကဲ့သို့ ပြေးဆွဲနေပြီး grab နှင့်ချိတ်ဆက်ကာ ပြေးဆွဲမှုများလည်း ရှိသည်။

 EV ကားများ အားသွင်းတဲ့နေရာကို တွေ့ရစဥ်

ထို့ပြင် လျှပ်စစ်ဓာတ်အားခစျေးနှုန်း အပြောင်းအလဲများကြောင့် EV ကားရောင်းဝယ်ရေး လုပ်ငန်းများ ထိခိုက်သွား ခြင်း မရှိပေမယ့် EV တက္ကစီများတွင် ထိခိုက်သွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှ EV ကားရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "EV တက္ကစီတွေကျတော့ သူကအစတည်းက သူက Owner ကြေးများတယ်ဗျ။ တစ်ရက်ကို အနည်းဆုံး ၅၀၀၀၀ လောက်ရှိတယ်ပေါ့နော်။ အစတုန်းကတော့ သူက အားသာချက်က CNG လို အကြာကြီး တန်းမစီရဘူး။ ဓာတ်အားခ ၁၀၀၀၀ ဖိုးလောက် ထည့်လိုက်ရင် တစ်နေကုန်လောက် သုံးလို့ရမယ်။ လက်ရှိ အနေထားမှာကျတော့ ဒီ EV တက္ကစီတွေက မီတာခတက်သွားတယ်၊ ပြီးတော့ တက္ကစီသမား အများစုက သူက အိမ်မှာဒီကားကို ကိုယ်တိုင်အားသွင်းနိုင်ဖို့က အခက်အခဲရှိတယ်။ အဲတော့ Station မှာပဲသွင်းရမယ်။ Station သွင်းခက တစ်ယူနစ် ၁၀၀၀ ဖြစ်သွားတယ်ပေါ့နော်။ အဲလိုဆိုတော့ ယူနစ် ၃၀ သွင်းမယ်ဆိုရင် သူက ၃၀၀၀၀ ကျသွားမယ်။ Owner ခ က ၅၀၀၀၀ ရယ်ဆိုတော့ ၈၀၀၀၀ ဆိုတော့ သူဆွဲဖို့ ကိုက်လားမကိုက်လားဆိုတာ မသေချာဘူးပေါ့နော်" ဟု ပြော သည်။

EV လျှပ်စစ်သုံး မော်တော်ယာဥ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်း ခွင့်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ ပြည်တွင်း၌ EV ကားအစီး‌ရေ ၆၀၀၀ ခန့် တင်သွင်းထားပြီဖြစ်ကြောင်း သိရသည်။